ပုလဲနယ်က စစ်ရှောင်စခန်းမှာ လူ ၁၅၀ ခန့် တုပ်ကွေးဖြစ်လို့ ဆေးဝါးအကူအညီ အရေးပေါ်လိုအပ်နေ

ပုလဲနယ်က စစ်ရှောင်စခန်းမှာ လူ ၁၅၀ ခန့် တုပ်ကွေးဖြစ်လို့ ဆေးဝါးအကူအညီ အရေးပေါ်လိုအပ်နေ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာရှိတဲ့ စစ်ရှောင်စခန်းတခုမှာ လူဦးရေ ၁၅၀ ခန့် ရာသီတုပ်ကွေးရောဂါဖြစ်ပွားနေတာကြောင့် ဆေးဝါးအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီကနေသိရပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ သံဃာတော်တပါး အပါအဝင်စုစုပေါင်းလူဦးရေ  ၂၅၀ နီးပါး နေထိုင်နေပြီး လူဦးရေး ၁၅၀ လောက်ဟာ ရာသီတုပ်ကွေးရောဂါဖြစ်ပွားနေတာဖြစ်ပါတယ်။

ဒီစစ်ရှောင်စခန်းနေထိုင်ကြသူတွေဟာ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန့်သတ်ကျေးရွာက ဒေသခံတွေဖြစ်ပြီး သူတို့ကျေးရွာကို စစ်အုပ်စုက ပျူစောထီးကျေးရွာဖြစ်ဖို့ သင်တန်းပေးတာတွေကြောင့် ပျူစောထီးထဲမဝင်ချင်လို့  ၂၀၂၂ သြဂုတ်လကတည်းက ထွက်ပြေးလာရတဲ့ ဒေသခံတွေဖြစ်ပါတယ်။ 

"လူတွေက အကုန်ပေါင်းနေရတော့ ကူးတာပေါ့။ ဆေးဝါးအနေနဲ့ ပုလဲမြို့နယ်ပကဖ၊ ပအဖနဲ့ တခြားအဖွဲ့အစည်းတွေက ကုပေးကြတယ်။ ဒါပေမဲ့ လတ်တလောမှာ ဆေးကုန်နေပြီ" လို့ စစ်ရှောင်ကူညီ ထောက်ပံ့နေသူတဦးက ပြောပါတယ်။

တုပ်ကွေးဖြစ်ပွားသူတွေဟာ ကလေး၊ လူကြီးအကုန်ဖြစ်နေတာဖြစ်ပြီး တချို့တွေက သက်သာသွားပေမယ့် လူဦးရေ ၅၀ ကျော်ကတော့ ဆေးကုသမှုခံနေရဆဲဖြစ်တယ်လို့ စစ်ရှောင်စခန်းက ဒေသခံတဦးကပြောပါတယ်။

စစ်ရှောင်စခန်းမှာ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေလည်းရှိနေတာကြောင့် ဆေးဝါးအကူအညီတွေ လိုအပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ယခုနှစ်မိုးရာသီအတွက်လည်း စားသောက်စရာ ဆန်အလုံအလောက်မရှိတာမို့ စားနပ်ရိက္ခာလည်း အခက်အခဲဖြစ်နေကြတယ်လို့  စစ်ရှောင်ကူညီထောက်ပံ့နေသူတဦးက ပြောပါတယ်။ 

"ကျနော်တို့ နီးစပ်ရာလေးမှာ စပါးတော့စိုက်ထားတယ်။ ဒါကလည်း စခန်းတခုလုံးအတွက် လုံလောက်တဲ့ ပမာဏတော့မဟုတ်ဘူး" လို့ သူက ဆက်ပြောပါတယ်။

လက်ရှိအချိန်မှာ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန့်သတ်ကျေးရွာထဲ ကျန်ခဲ့တဲ့သူတွေကို စစ်တပ်က ပျူစောထီး သင်တန်းတွေပေးပြီး ပျူစောထီးတပ်ဖွဲ့ ဖွဲ့ထားတယ်လို့ သိရပါတယ်။စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ပုလဲမြို့နယ် #စစ်ရှောင်စခန်း #ရာသီတုပ်ကွေး #ပျူစောထီး  #ကန့်သတ်ကျေးရွာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10