ပုလဲနယ်က စစ်ရှောင်အချို့ကို မြို့နယ် ပအဖ က ငွေနဲ့ရိက္ခာလှူဒါန်း

ပုလဲနယ်က စစ်ရှောင်အချို့ကို မြို့နယ် ပအဖ က ငွေနဲ့ရိက္ခာလှူဒါန်း

စစ်ကိုင်တိုင်း၊ ပုလဲမြို့နယ်က စစ်ရှောင်အချို့ကို ဖေဖော်ဝါရီလ ၂၀ ရက် မနေ့ကမနက်ပိုင်းမှာ  ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ငွေနဲ့ရိက္ခာတွေ လှူဒါန်းထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။ 

ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာကနေ တိမ်းရှောင်နေတဲ့ အိမ်ထောင်စု ၈၀ ကျော်အတွက် ထိုင်းရောက်မြန်မာနိုင်ငံသားများ စည်းလုံးညီညွတ်ရေးအဖွဲ့၊ မြို့နယ် ပ အ ဖ နဲ့ အလှူရှင်အချို့တို့ ပူးပေါင်းပြီး လှူဒါန်းခဲ့တာလို့ ပုလဲမြို့နယ် ပြည့်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ကိုဇော်ထက်က ပြောပါတယ်။

“စစ်ကောင်စီက ဇီးဖြူကုန်းရွာကို ပျူရွာလုပ်တာကို လက်မခံပဲ ထွက်ပြေးလာတဲ့ အိမ်ထောင်စု ၈၀ ကျော် လူဦးရေ ၄၀၀ ကျော်ကို ဒီနေ့သွားရောက်လှူဒါန်းခဲ့တာ၊ သူတို့ရွာကို ပျူရွာ အလုပ်ခံလိုက်ရတော့ ပျူလို့ သတ်မှတ်တာကို လက်မခံလို့ ထွက်ပြေးလာကြတာဆိုတော့ ပစ္စည်းတွေလည်း မယူခဲ့နိုင်ကြဘူး။ ရွာမှာ ကျန်ခဲ့တဲ့ သူတို့အိမ်က အသုံးအဆောင်ပစ္စည်းတွေကိုလည်း ရွာခံပျူတွေနဲ့ စစ်ကောင်စီအဖွဲ့က မီးရှို့လိုက်တာ” လို့ ပြောပါတယ်။ 

မြို့နယ် ပ အ ဖက ဆန် ၁ တင်းခွဲ အိတ် ၂၀၊ ဆီ ၅ ပိဿပုံ ၅ ပုံး၊ ထိုင်းရောက်မြန်မာနိုင်ငံသားများ စည်းလုံးညီညွတ်ရေးအဖွဲ့က ငွေကျပ် ၅ သိန်း ၂ သောင်း၊ ရန်ကုန်အလှူရှင် တဦးက လှူလိုက်တဲ့ အနွေးထည် ၁၂၀နဲ့ ဖိနပ်တွေကို စုပေါင်းပြီး လှူဒါန်းပေးခဲ့ကြတာလည်း ဖြစ်ပါတယ်။  

လက်ရှိအချိန်ထိလည်း ဇီးဖြူကုန်းကျေးရွာမှာ စစ်အုပ်စုက ရွာခံပျူစောထီးအချို့နဲ့ ပူးပေါင်းတပ်စွဲနေတာကြောင့် ရွာသားတွေအနေနဲ့ သူတို့ပိုင်ဆိုင်တဲ့ လယ်ယာမြေတွေမှာ မလုပ်ကိုင်ရဲတော့ဘဲ အခြားနီးစပ်ရာကျေးရွာတွေမှာသာ တိမ်းရှောင်ရင်း ကြုံရာအလုပ်တွေကို လုပ်ကိုင်နေကြရတယ်လို့ သိရပါတယ်။ 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10