ပုလဲနယ်မှာ တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်က လေကြောင်းသုံးတိုက်ခိုက်

ပုလဲနယ်မှာ တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်က လေကြောင်းသုံးတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကျေးနင်းကြီးကျေးရွာအနီးမှာ သြဂုတ် ၇ ရက်မနက် ၁၀ နာရီလောက်က စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းအသုံးပြု ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

တိုက်ပွဲဖြစ်နေချိန်အတွင်း ဒီမနက် ၁၁ နာရီလောက်မှာ တံတားဦးဘက်က တက်လာတဲ့ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ လေယာဥ်တစီးပေါ်ကနေ ကျေးနင်းကြီးရွာရဲ့ အနောက်ဘက်ဆည်ဘောင်အနီးကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

"ဒေသခံ အထိအခိုက်ရှိ၊မရှိတော့ မသိရသေးဘူး။ ဂျက်လေယာဥ်က လက်နက်ကြီးတွေနဲ့ ခဏအကြာ ပစ်သွားတာ။ ဗုံးကြဲတာမဟုတ်ဘူး။ အခုကပြန်သွားပြီ"လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ပျူစောထီးရွာလို့လည်း လူသိများ၊ စစ်တပ်က အထိုင်ချတပ်စွဲထားတဲ့ ဇီးဖြူကုန်းကျေးရွာက စစ်သားနဲ့ပျူတွေဟာ ဒီမနက်အစောပိုင်းမှာ စစ်ကြောင်းထွက်လာချိန် ပစ်ခတ်မှုဖြစ်ခဲ့တာဖြစ်ပြီး ဒေသခံကာကွယ်ရေးတပ်တွေဘက်ကလည်း မိုင်းဆွဲတိုက်ခိုက်ပြီးနောက် လမ်းကြောင်းတွေ ပိတ်ဆို့ထားတဲ့အတွက် ခုလိုလေကြောင်းကနေ လာရောက်တိုက်ခိုက်တာဖြစ်တယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။ 

လေကြောင်းကနေ တိုက်ခိုက်ပြီးတဲ့နောက် နေ့လယ် ၁၂ နာရီကျော်လောက်မှာတော့ အဆိုပါစစ်ကြောင်းဟာ ကျေးနင်းရွာထဲကို ဝင်သွားပြီး လက်ရှိအချိန်အထိ ရွာထဲမှာတပ်စွဲထားတယ်လို့ ဆိုပါတယ်။ 

ကျေးနင်းကြီးရွာထဲမှာ စစ်ကြောင်းရှိနေတဲ့အတွက် ငှက်ပျောတော၊ ခေါ်သန္တီ၊ ညောင်ပင်သာ၊ ဆင်ရှင်၊ ကြောင်သန်း၊ ကျေးနင်း၊ သေတ္တရာစတဲ့ ကျေးရွာ ၇ ရွာက ဒေသခံပြည်သူ ၃၀၀၀ လောက်လည်း အိုးအိမ်စွန့်ကာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ဇွန်လ ၂၇ ရက်ကလည်း ပုလဲမြို့နယ်က ညောင်ကုန်းနဲ့ ပိတောက်ကုန်းရွာကို တိုက်ပွဲမဖြစ်ဘဲ  စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် ညောင်ကုန်းရွာက ဒေသခံ ၁၁ ဦးနဲ့ ပိတောက်ကုန်းရွာက ၁ ဦး စုစုပေါင်း ၁၂ ဦး သေဆုံးခဲ့ကာ ၆ ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။ 

ပုံစာ - မကွေးလေတပ်စခန်းမှ ပျံတက်ခဲ့သည့် စစ်ကောင်စီတပ်သုံး ဗုံးကြဲလေယာဉ် ၁ စင်း။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #ပုလဲ #စစ်ကောင်စီ #PDF #တိုက်ပွဲ #လေကြောင်းပစ် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10