ပုလဲမောင် သေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေး မိသားစုဝင်နဲ့ရွာခံတွေက ဆန္ဒပြတောင်းဆို

ပုလဲမောင် သေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေး မိသားစုဝင်နဲ့ရွာခံတွေက ဆန္ဒပြတောင်းဆို

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) သတင်းပြန်ကြားရေးတာဝန်ခံ ကိုပုလဲမောင် သေဆုံးမှုနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် မိသားစုဝင်တွေနဲ့  ရွာခံအင်အား ၃၀၀ ကျော်က မင်းတိုင်ပင်ကျေးရွာမှာ ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန် ၆ ရက် မနက် ၇ နာရီကနေ ၉ နာရီခွဲအထိ ဆန္ဒပြခဲ့တာဖြစ်ပြီး မင်းတိုင်ပင်ကျေးရွာပအဖရုံးသို့ ပုလဲမြို့နယ်၊ ပအဖခေါင်းဆောင် ကိုဇော်ထက်ရောက်ရှိနေချိန်မှာ ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ 

“ပုလဲမြို့နယ်၊ မင်းတိုင်ပင်စံပြကျေးရွာမှာ ဆန္ဒပြခဲ့ကြတာ။ အကို ပုလဲမောင် သေဆုံးမှုက လူသတ်မှုလို့ ခံယူတဲ့ အတွက် အမှုမှန်ပေါ်ပေါက်အရေး ဆန္ဒပြခဲ့တာပါ” လို့ သေဆုံးသွားသူ ကိုပုလဲမောင်ရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။

ပုလဲမြို့နယ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ကိုပုလဲမောင်ဟာ မေ ၂၃ ရက် ညနေပိုင်းမှာ ပျောက်ဆုံးခဲ့တာဖြစ်ပြီး မေ ၂၄ ရက် ည ၁၀ နာရီကျော်အချိန်မှာ ပုလဲမြို့နယ်ပအဖခေါင်းဆောင် ကိုဇော်ထက်နေအိမ်ရဲ့ မြေအောက်ခန်းထဲမှာ သေဆုံးလျက်တွေ့ခဲ့တာ ဖြစ်ပါတယ်။

အလောင်းကို တွေ့ခဲ့တဲ့အချိန်က ပုလဲမောင်ဟာ ပုဇွန်ခြောက်၊ သရက်သီးနဲ့ ငရုတ်သီးစားပြီးသွေးတိုးသေဆုံးခဲ့တာလို့ ပြောဆိုကြပေမယ့် “ဖုန်းပြောခဲ့တဲ့ တလျှောက်လုံးမှာ သွေးတိုးလည်း မရှိဘူး။ ‌သူတို့ပြောတာက ကိုကိုက အဲဒီမြေအောက်အခန်းထဲကို ဆင်းပြီးအိပ်လေ့ရှိတယ်တဲ့၊ ကိုကိုက အသန့်အရှင်းကြိုက်တယ်၊ အဲ့ဒီမြေအောက်ခန်းထဲကို ဘယ်လိုမှ ကိုကိုက ဆင်းမအိပ်လောက်ဘူး။ သူတို့ပြောသလို သွေးတိုးပြီးသေတယ်ဆိုရင် အခုဟာက လှေခါးရဲ့အောက်ထဲကို ရောက်နေတာ” လို့ ကိုပုလဲမောင်ရဲ့ ညီမဖြစ်သူက ပြောပါတယ်။ 

ဒါကြောင့်လည်း အမှုမှန်ပေါ်ပေါက်ရေးအတွက် မိသားစုဝင်တွေနဲ့ ရွာခံတွေက ဆန္ဒပြရတာဖြစ်တယ်လို့ ဆိုပါ တယ်။

ပုလဲမြို့နယ်ပအဖခေါင်းဆောင် ကိုဇော်ထက်က ကိုပုလဲမောင်သေဆုံးမှုနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် သေချာစုံစမ်းစစ်ဆေးဖို့ မြို့နယ်ပကဖအဖွဲ့ဝင် ၃ ဦး၊ ပအဖအဖွဲ့ဝင် ၃ ဦး၊ ပလဖ အဖွဲ့ဝင် ၃ ဦးနဲ့ တရားရေးဌာနက ၁ ဦးတို့ပါဝင်တဲ့ စုံခုံအဖွဲ့ကို ဖွဲ့စည်းကာ စုံစမ်းမှုတွေလုပ်နေတယ်လို့ ပြောပါတယ်။

“မြေအောက်ခန်းမှာ ဘယ်လိုဘယ်လိုဖြစ်သွားတယ်ဆိုတာတော့ စုံခုံဖွဲ့ထားတဲ့ အဖွဲ့တွေက စစ်ရမှာပေါ့၊ သာမန် သေမှုသေခင်းလား၊ လုပ်ကြံခံရတာလားဆိုတာ ဘာမှ အတိအကျမပြောနိုင်သေးဘူး” လို့ သူက ဆိုပါတယ်။

သေဆုံးသွားတဲ့ ပုလဲမောင်ရုပ်အလောင်းကို ဆရာဝန်ဆေးစစ်ချက်ယူကာ သက်ဆိုင်ရာပလဖက စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့တယ်လို့ ပအဖခေါင်းဆောင် ကိုဇော်ထက်က ဆိုပါတယ်။ 

အလောင်းမှာ ပက်လက်လန်အနေအထားနဲ့ သေဆုံးတာဖြစ်ပြီး ဦးခေါင်းအောက်ဘက်မှာ သွေးကွက်တွေ့ရသလို နှာခေါင်းမှလည်း သွေးထွက်နေတာကို တွေ့ခဲ့ရတယ်လို့ သူက ဆက်ရှင်းပြပါတယ်။ 

“ပအဖ အဖွဲ့တွေကတော့ ကိုပုလဲမောင်သေဆုံးမှုနဲ့ ဘာမှလုပ်ပေးထားတာ မရှိပါဘူး၊ အမှုမှန်ပေါ်ပေါက်တဲ့ အထိလိုက်မှာပါ။ ဒါက မတရားခံရတာ၊ သူတို့ဘက်က ရိုးသားရင် ကိုပုလဲမောင်အလောင်းကို ပြရမှာပါ၊ သူတို့က မပြဘူးလေ၊ အကိုအလောင်းကို ကြည့်ချင်လို့ပြောတာတောင် သူတို့က ဇွတ်မြေချကြတာ၊ သူတို့ပြောသလို သွေးတိုးသေတာဆိုရင် ဓားဒဏ်ရာဘာလို့ရှိတာလဲ၊ သူ့ချိုင်း(ဂျိုင်း)အောက်မှာ သွေးတွေ ဘာလို့ထွက်ရတာလဲ” လို့ ကိုပုလဲမောင် ညီမဝမ်းကွဲတဦးက ပြောပါတယ်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ပုလဲမြို့နယ် #ပလဖ #ပုလဲမောင် #ဆန္ဒဖော်ထုတ် #ပအဖ #ကိုဇော်ထက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10