ပုလဲမြို့နယ်က ပုလဲမောင်သေဆုံးမှု ဘာတွေဆက်ဖြစ်နေလဲ (ဆောင်းပါး)

ပုလဲမြို့နယ်က ပုလဲမောင်သေဆုံးမှု ဘာတွေဆက်ဖြစ်နေလဲ (ဆောင်းပါး)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ မြို့နယ်ပလဖပြန်ကြားရေးတာဝန်ခံ ပုလဲမောင်ဟာ မေ ၂၃ ရက် ညနေပိုင်းမှာ ပျောက်သွားခဲ့ပါတယ်။ ပုလဲမောင်ကို BNRA တပ်ရင်းမှူး သခင်ဒေါင်းညိုက ဖမ်းဆီးသွားတယ်လို့ ပုလဲမြို့နယ် အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ ဦးဇော်ထက်က သံသယရှိတာကြောင့် သခင်ဒေါင်းညိုကို ခေတ္တခဏထိန်းသိမ်းခဲ့ပါတယ်။ ဒါပေမဲ့ ပုလဲမောင်ရဲ့ ရုပ်အလောင်းကို ပုလဲမြို့နယ်ပအဖတာဝန်ခံ ဦးဇော်ထက်ရဲ့ နေအိမ်မြေအောက် ခန်းထဲမှာ တွေ့လိုက်ရတဲ့အခါမှာတော့ သခင်ဒေါင်းညိုကို ပြန်လွှတ်ပေးခဲ့ပါတယ်။ 

ပုလဲမြို့နယ်ရဲ့ ပလဖပြန်ကြားရေးတာဝန်ခံပုလဲမောင်ရဲ့အလောင်းကို သူ့ရဲ့နေအိမ်မြေအောက်ခန်းထဲမှာ တွေ့ခဲ့တာ ဟုတ်မှန်ကြောင်း ဦးဇော်ထက်က ဆိုပါတယ်။ 

ပုံစာ - ပုလဲပအဖခေါင်းဆောင် ကိုဇော်ထက်။
ပုံစာ - ပုလဲပအဖခေါင်းဆောင် ကိုဇော်ထက်။

“မြေအောက်ခန်းမှာ ဘယ်လိုဘယ်လိုဖြစ်သွားတယ်ဆိုတာတော့ စုံခုံ(စုံစမ်းစစ်ဆေးရေးခုံရုံး) ဖွဲ့ထားတဲ့ အဖွဲ့တွေက စစ်ရမှာပေါ့၊ သာမန် သေမှုသေခင်းလား၊ လုပ်ကြံခံရတာလားဆိုတာ ဘာမှ အတိအကျမပြောနိုင်သေးဘူး” လို့ သူက ဆိုပါတယ်။

လက်ရှိမှာ ပုလဲမောင်သေဆုံးမှုကို ပုလဲမြို့နယ်ပလဖက သေမှုသေခင်းဖြင့် အမှုဖွင့်ထားပြီး အမှုမှန်ပေါ်ပေါက် ရေးအတွက် သေချာစုံစမ်းစစ်ဆေးဖို့ မြို့နယ်ပကဖအဖွဲ့ဝင် ၃ ဦး၊ ပအဖအဖွဲ့ဝင် ၃ ဦး၊ ပလဖအဖွဲ့ဝင် ၃ ဦးနဲ့ တရားရေးဌာနက ၁ ဦးတို့ပါဝင်တဲ့ စုံခုံအဖွဲ့ကို ဖွဲ့စည်းကာ စုံစမ်းမှုတွေလုပ်နေတယ်လို့ ပအဖတာဝန်ခံ ကိုဇော်ထက်က ပြောပါတယ်။ 

ပုလဲမောင်ပျောက်ဆုံးမှု မဖြစ်ခင် မေ ၂၃ ရက် မနက်ပိုင်းမှာ ပုလဲမြို့နယ်ပလဖရုံးရှေ့သို့ ပြည်သူ ၂ ဦး ရောက်လာကာ ပလဖနဲ့ တရားရေးအဖွဲ့ကို စိန်ခေါ်မှုတွေလုပ်ခဲ့တာကြောင့် နှစ်ဘက်အချင်းများခဲ့ကြပြီး အဲဒီမှာ ပလဖ အဖွဲ့က ရုံးရှေ့လာရောက်စိန်ခေါ်သူ ၂ ယောက်ကို ဖမ်းဆီးဖို့ ကြိုးစားခဲ့တယ်လို့ ပုလဲ ပအဖခေါင်းဆောင် ကိုဇော်ထက်က ပြောပါတယ်။ 

“စိန်ခေါ်တဲ့အထဲမှာ ကိုဒေါင်းညိုရဲ့ ဦးလေးပါနေတာပေါ့ဗျာ။ အဲဒီမှာ ကိုဒေါင်းညိုက သူ့ ဦးလေးမို့ မဖမ်းဖို့ ပြောတာပေါ့ဗျာ။ သူ့အဖွဲ့တွေ ခေါ်ပြီးတော့ သေနတ်တွေနဲ့ပေါ့။ ပလဖကလည်း ဒါက တရားခံဖမ်းတာ၊ ဒီကိစ္စမင်းတို့ ဝင်ရှုပ်စရာအကြောင်းမရှိဘူး။ ပလဖရုံးကိုလာပြီး စိန်ခေါ်သွားတာဖြစ်လို့ လိုက်ဖမ်းတာ။” လို့ ပုလဲမောင် မပျောက်ဆုံးမီ မနက်ပိုင်းက သခင်ဒေါင်းညိုနဲ့ အချေအတင် စကားများခဲ့ကြတဲ့ဖြစ်စဉ်ကို ပုလဲပအဖ ကိုဇော်ထက်က ရှင်းပြပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး BNRA တပ်ဖွဲ့ရဲ့ မေ ၂၉ ရက်ထုတ်ပြန်ချက်မှာတော့ ပုလဲမြို့နယ်က ပြည်သူ ၂ ဦးဟာ ပုလဲမြို့နယ် တရားရေးဌာနကို တိုင်ကြားထားတဲ့အမှုကိစ္စ အချိန်ကြာမြင့်နေတာကြောင့် အဆင်ပြေလျှင် ဖြေရှင်းပေးရန် သွားရောက်တောင်းဆိုရာ တရားလိုပြည်သူ ၂ ဦးနှင့် တရားရေးဌာနမှ တာဝန်ရှိသူတို့ အချင်းများခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီလို စကားများမှုဖြစ်ပွားပြီးနောက် တရားလို ပြည်သူ ၂ ဦးဟာ တရားရေးဌာနကို လာရောက်စော်ကားတယ်လို့မှတ်ယူပြီး ပုလမြို့နယ်ပလဖက ဖမ်းဆီးဖို့ကြိုးစားခဲ့ပါတယ်။ 

ပြည်သူ ၂ ဦးဟာ အခုလိုအဖမ်းခံရမှာဖြစ်တဲ့အတွက် BNRA တပ်ရင်း (၂) တပ်ရင်းမှူး သခင်ဒေါင်းညို (ယာယီ)ကို လာရောက်ဖြေရှင်းပေးဖို့ အကူအညီတောင်းခံခဲ့ပါတယ်။ သခင်ဒေါင်းညိုရောက်လာတဲ့အခါ ပြည်သူ ၂ ဦးနဲ့ တရားရေးဌာနတို့ ပြည်သူမြင်ကွင်းလမ်းမပေါ်မှာ အချင်းများနေတာကို ဝင်ရောက် ဖြေရှင်းပေးရာ ဒေါင်းညိုနဲ့ တရားရေးဌာနမှ တာဝန်ရှိသူတချို့ ထပ်မံအချင်းများခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါပေမဲ့ ပြဿနာတစုံတရာမရှိဘဲ အဲဒီနေ့ နံနက်ခင်းမှာပဲ လူစုခွဲခဲ့ကြတယ်လို့ BNRA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ 

အဲဒီနေ့ ညနေမှာတော့ ပုလဲမောင်ပျောက်ဆုံးနေတဲ့အကြောင်း ပုလဲမြို့နယ်တရားရေးဌာန တရားသူကြီး ကိုဇာနည်မောင်က ပုလဲမြို့နယ်ပအဖခေါင်းဆောင် ကိုဇော်ထက်ထံ ဖုန်းဆက်လာခဲ့ပါတယ်။  

“မနက်ခင်းဖြစ်စဉ်ကလည်းရှိတော့ BNRA က သခင်ဒေါင်းညိုလည်း စကားများခဲ့တာဆိုတော့ သူဖမ်းသွားတာလို့ ပထမကောက်ချက်ချရတာပေါ့။” လို့ ပအဖတာဝန်ခံ ကိုဇော်ထက်က ပြောပါတယ်။

ဒါ့အပြင် အမျိုးသားတယောက်ကို သခင်ဒေါင်းညို ဖမ်းဆီးသွားတာ မြင်လိုက်တယ်ဆိုတဲ့ ပြောဆိုမှုတွေ ကြောင့်လည်း သခင်ဒေါင်းညိုကို သံသယဝင်ခဲ့ရတာဖြစ်တယ်လို့ သူက ဆက်ပြောပြပါတယ်။ 

ပုံစာ - BNRA တပ်ရင်း (၂) တပ်ရင်းမှူး သခင်ဒေါင်းညို (ယာယီ)
ပုံစာ - BNRA တပ်ရင်း (၂) တပ်ရင်းမှူး သခင်ဒေါင်းညို 

အဲဒီနောက် ကိုဇော်ထက်ဟာ BNRA ကိုဆက်သွယ်ပြီး ပုလဲမောင်ပျောက်ဆုံးမှုကို ရှင်းပြကာ သခင်ဒေါင်းညို ဖမ်းထားပါက ပြန်လည်အပ်နှံရန် ပြောဆိုခဲ့ပါတယ်။ 

BNRA အဖွဲ့မှ တာဝန်ရှိသူတွေကလည်း သခင်ဒေါင်းညိုထံ ဆက်သွယ်မေးမြန်းခဲ့ပြီး သခင်ဒေါင်းညို ဖမ်းဆီး ထားခြင်းမရှိကြောင်း အကြောင်းပြန်ခဲ့တယ်လို့ ကိုဇော်ထက်က ဆိုပါတယ်။ 

BNRA ရဲ့ ထုတ်ပြန်ချက်မှာတော့ မေ ၂၃ ရက် ည ၈ နာရီအချိန်တွင် ပုလဲမြို့နယ် ပအဖ၊ ပလဖ၊ ပကဖ၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ရေးတာဝန်ခံတို့က BNRA တာဝန်ရှိသူတွေထံ ဖုန်းဆက်ပြီး ကိုပုလဲမောင်ကို သခင်ဒေါင်းညို(BNRA)က ဖမ်းဆီးခေါ်ဆောင်သွားတာကြောင့် ပြန်လည်ပို့ပေးရန်၊ သို့မဟုတ်ပါက တပ်ရင်း တပ်ဖွဲ့တွေနဲ့ စစ်ကြောင်းထိုး ဖမ်းဆီးနှိမ်နင်းမယ့်အကြောင်း ဆက်သွယ်လာတယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် ပုလဲမောင်ကို ဒေါင်းညို(BNRA)က ဖမ်းသွားတာတယ်လို့ စွပ်စွဲနိုင်တဲ့ မျက်မြင်သက်သေ၊ အခြားသက်သေတွေကို ဖြေကြားပေးရန် ပြောတဲ့အခါ မေ ၂၃ ရက် မနက်ခင်း စကားများခဲ့တဲ့ ဖြစ်စဥ်သာရှိပြီး တခြား ခိုင်လုံသောသက်သေ မရှိတာကြောင့် ဒေါင်းညို (BNRA) အား တရားခံအဖြစ် ဖမ်းဆီးလိုခြင်းမှာ အဆင်မပြေကြောင်း BNRA က အကြောင်းပြန်ကြားခဲ့ပါတယ်။

အဲဒီနောက်  BNRA ဘက်က BNRA အတွင်းရေးမှူးနဲ့ ဒေါင်းညိုတို့ဟာ ပုလဲမြို့နယ် ပအဖ ကိုဇော်ထက်၊ ပကဖ ဦးသိန်းအောင်၊ ပလဖ တာဝန်ခံ၊ လူသားစာနာ တာဝန်ခံ၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး တာဝန်ခံတို့နဲ့ တွေ့ဆုံပြီး ပုလဲမောင် အမှုမှန်ပေါ်ပေါက်ရေးအတွက် ပူးပေါင်းအဖြေရှာခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

သခင်ဒေါင်းညိုနဲ့ နီးစပ်သူတဦးရဲ့ ပြောကြားချက်အရ ပုလဲမြို့နယ်ပသုံးလုံးအဖွဲ့က သခင်ဒေါင်းညိုရဲ့ စခန်းကို လာဝိုင်းမယ်လို့ သတင်းရတဲ့အတွက် BNRA အတွင်းရေးမှူးအပါအဝင် သခင်ဒေါင်းညိုတို့ ၄ ဦးဟာ ပုလဲမြို့နယ်ပသုံးလုံးအဖွဲ့ရှိနေရာ နေရာကို သွားရောက်တွေ့ဆုံခဲ့တယ်လို့ဆိုပါတယ်။ 

ငှက်ပျောတောရွာ၊ သရက်ခြံနားမှာ တွေ့ဆုံခဲ့တာဖြစ်ပြီး တွေ့ဆုံချိန်မှာ ပုလဲမြို့နယ်ပသုံးလုံးအဖွဲ့က အင်အား ၅၀ ကျော်ဟာ လက်နက်အပြည့်အစုံနဲ့ BNRA အတွင်းရေးမှူးအပါအဝင် သခင်ဒေါင်းညိုတို့ ၄ ဦးကို ဝန်းရံထားကြတယ်လို့ သူက ဆိုပါတယ်။ 

ပြီးတဲ့အခါ သခင်ဒေါင်းညိုဖမ်းထားတဲ့ ပုလဲမောင်ကို ပြန်လွှတ်ပေးဖို့ ပုလဲမြို့နယ်ပသုံးလုံးအဖွဲ့က တောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

အခင်းဖြစ်တဲ့အချိန် ဖမ်းယူထားတဲ့အသံဖိုင်ထဲတွင် ပအဖခေါင်းဆောင် ကိုဇော်ထက်က “ပွင့်ပွင့်လင်းလင်း ဝန်ခံ၊ အခုထုတ်ပေး၊”လို့ ပြောတဲ့အခါ “ကျနော်က ပုလဲမောင်ကို ဖမ်းဆီးတာလည်း မရှိဘူး၊ ပုလဲမောင်နဲ့ ကျနော်နဲ့မှာလည်း ဘာအကန့်မှ မရှိဘူး” လို့ ဆိုတဲ့သခင်ဒေါင်းညိုရဲ့ ပြန်ဖြေသံ၊ “ဒေါင်းညို မင်းလိမ်တယ်၊ မင်းလူငယ်တယောက်၊ တော်လှန်ရေးမှာ မင်းကို ငါအများကြီးမျှော်လင့်ခဲ့တာ၊ မှားပြီးသားကိစ္စကြီးကို မင်းက ထပ်လိမ်တော့ ပိုပြီးတော့ အမှားကြီးဖြစ်သွားမှာပေါ့ကွ”“မင်းသတ်ပစ်လိုက်ပြီလား၊ အသက်ရှိသေးလား”“ရိုက်နှက်ထားလို့ ဒဏ်ရာရှိလို့ မပို့ချင်ဘူးဆိုလည်း ငါတို့ဘာသာကုမယ်” စတဲ့ အပြန်အလှန်ပြောဆိုချက်တွေ ပြောဆိုခဲ့ကြပါတယ်။

သခင်ဒေါင်းညိုက သူဖမ်းထားတာ မဟုတ်ကြောင်း၊ စခန်းမှာလည်း သွားရောက်ရှာဖွေနိုင်ကြောင်း၊ သက်သေရှိပါက ပြသနိုင်ကြောင်းနဲ့ ကိုဇော်ထက်တို့ရဲ့ မျက်မြင်သက်သေရှိတယ်လို့ ပြောသူတွေကို ဖုန်းဆက်မေးမြန်းတဲ့အခါမှာ ကိုယ်တိုင်မြင်တွေ့တာမျိုးမဟုတ်ဘဲ တဆင့်ခံပြောဆိုမှုတွေသာဖြစ်နေတာကို ဖမ်းယူထားတဲ့ အသံဖိုင်တွေရ သိရပါတယ်။

အပြန်အလှန်စွပ်စွဲမှုတွေနဲ့ အခြေအနေတွေတင်းမာလာတဲ့အခါမှာတော့ သခင်ဒေါင်းညိုဟာ ပုလဲမြို့နယ် ပသုံးလုံးအဖွဲ့ရဲ့ စစ်ဆေးမှုကို ခံယူမယ်ဆိုပြီး သဘောတူလက်ခံခဲ့တယ်လို့ သခင်ဒေါင်းညိုနဲ့နီးစပ်သူတဦးက ပြောပါတယ်။

“ဒေါင်းညိုက ခင်ဗျားတို့ စစ်ဆေး၊ အဲဒီမှာ ၂၄ နာရီအတွင်းမှာ ခင်ဗျားတို့ ကျနော်တို့ကို မစစ်ဆေးနိုင်ရင် ခင်ဗျားတို့ ကျနော့်ကို တောင်းပန်ရလိမ့်မယ်” လို့ ပုလဲမြို့နယ်ပသုံးလုံးအဖွဲ့ကို ပြောခဲ့ကြောင်း သူကဆိုပါတယ်။ 

ပုလဲမြို့နယ်ပအဖခေါင်းဆောင် ကိုဇော်ထက်က “တရက်တော့ ဒီမှာနေလိုက်ဦးဆိုပြီး ခေါ်ထားတယ်။ တိုက်နယ် ပလဖအိမ်မှာပဲ အလွတ်ထားတာ။ ရုံးမှာထားတာ မဟုတ်ဘူး။ အဲဒီညမှာပဲ ကိုပုလဲမောင်ရဲ့ အလောင်းတွေ့တယ်ဆိုတော့ လောလောဆယ်သံသယအနေနဲ့ အထောက်အထားက မပြနိုင်ဘူးဆိုတော့ ပြန်လွှတ်လိုက်တယ်” လို့ ဆိုပါတယ်။

ကိုပုလဲမောင် ကို လိုက်လံရှာဖွေနေကြတဲ့ မိသားစုဝင်နဲ့အမျိုးတွေဟာ ပအဖခေါင်းဆောင် ကိုဇော်ထက် အိမ်သို့ ရောက်နေကြပြီး ည ၁၀ နာရီကျော်အချိန် အိပ်ဖို့နေရာရှာဖွေကြရင်း နေအိမ်မြေအောက်ခန်းထဲသို့ ကြည့်မိရာက ကိုပုလဲမောင်ရဲ့ အလောင်းကို တွေ့ခဲ့ကြတာဖြစ်တယ်လို့ ကိုဇော်ထက်က ဆိုပါတယ်။ 

ပုံစာ - ကိုပုလဲမောင် အလောင်းအား ပအဖ ခေါင်းဆောင် ကိုဇော်ထက်နေအိမ် မြေအောက်ခန်းထဲတွင် တွေ့ရစဉ်။
ပုံစာ - ကိုပုလဲမောင် အလောင်းအား ပအဖ ခေါင်းဆောင် ကိုဇော်ထက်နေအိမ် မြေအောက်ခန်းထဲတွင် တွေ့ရစဉ်။

“မြေအောက်တိုက်ခန်းထဲမှာလည်း အိပ်လို့ရတယ်၊ အိပ်ကြပါလားဆိုပြီး သွားရာကနေ တွေ့တာပေါ့။ ပုလဲမောင်ရဲ့အမျိုးပဲ မြေတိုက်အောက်ခန်းထဲမှာတော့ တယောက်ရှိတယ်၊ ခြေထောက်မြင်ရတယ်ဆိုပြီး သွားကြည့်ရာကနေတွေ့တာ” လို့ သူက ရှင်းပြပါတယ်။

ကိုပုလဲမောင်ရဲ့အလောင်းဟာ ပက်လက်လှန်အနေအထားနဲ့သေဆုံးနေပြီး ဦးခေါင်းအောက်မှာ သွေးကွက်တွေကိုတွေ့ရသလို နှာခေါင်းကလည်း သွေးထွက်နေတယ်လို့ ဆိုပါတယ်။ 

ဆရာဝန်ဆေးစစ်ချက်ယူပြီး သက်ဆိုင်ရာ ပလဖအဖွဲ့က စုံစမ်းစစ်ဆေးတာတွေလုပ်ခဲ့တယ်လို့ ကိုဇော်ထက်က ပြောပါတယ်။  

ကိုပုလဲမောင်ရဲ့အလောင်းကို ပုလဲမြို့နယ်ပအဖခေါင်းဆောင် ကိုဇော်ထက်နေအိမ်မြေအောက်ခန်းထဲမှာ ပြန်တွေ့ခဲ့ခြင်းကြောင့် ပုလဲမြို့နယ် ပကဖ တာဝန်ခံ ဦးသိန်းအောင်၊ ဒုတာဝန်ခံ ဒေါက်တာနန်းဝင်းတို့က BNRA နဲ့ ဒေါင်းညိုကို အသီးသီးတောင်းပန်ခဲ့ကြသော်လည်း တခြားသော တာဝန်ရှိသူတွေက အခုအချိန်ထိ မတောင်းပန်သေးဘူးလို့ BNRA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ပုလဲမောင်ရဲ့ရုပ်အလောင်းကိုတော့ မေလ ၂၆ ရက်မှာ ကြောင်သန်ကျေးရွာမှာ သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

ပုလဲမြို့နယ်ပအဖခေါင်းဆောင် ကိုဇော်ထက်ရဲ့အိမ်ကို သူစိမ်းသူတွေ ဝင်ထွက်လို့ရနိုင်တဲ့ အခြေအနေ ရှိလားလို့ ပုလဲမြေပြင်သိမ်းငှက်အဖွဲ့ခေါင်းဆောင် ဗိုလ်သိမ်းငှက်ကို မေးကြည့်တဲ့အခါမှာတော့ သူက “ ခြံဝင်ပေါက်ကို လူဝင်ပေါက်လေးပဲထားတာ။ အဲဒီအထဲကို ဘေးလူဝင်ဖို့ဆိုတာ ဘယ်လိုမှ အဆင်မပြေဘူး” လို့ ဆိုပါတယ်။ 

ဒါ့အပြင် ပအဖခေါင်းဆောင်ကိုဇော်ထက် အိမ်မှာ ပသုံးလုံးအဖွဲ့ဝင်တွေရှိနေတတ်တာကြောင့် သူစိမ်း ဝင်ဖို့ မလွယ်ဘူးလို့ သူက ဆက်ပြောပါတယ်။  

ပုလဲမြေပြင်သိမ်းငှက်အဖွဲ့ခေါင်းဆောင် ဗိုလ်သိမ်းငှက်က သေဆုံးသွားတဲ့ ပုလဲမောင်ရဲ့အလောင်းကို သူလည်း ကြည့်ခွင့်မရခဲ့သလို တခြားသူတွေလည်း ဝင်ကြည့်ပိုင်ခွင့် မရှိခဲ့ဘူးလို့ပြောပါတယ်။ 

ဒါ့အပြင် ကိုပုလဲမောင်ရဲ့ မိသာစုဝင်တွေကိုယ်တိုင်လည်း အလောင်းကိုသေချာ ကြည့်ခွင့်မရခဲ့ဘူးလို့ ကိုပုလဲမောင်ရဲ့ ညီမဝမ်းကွဲတဦးက ပြောပါတယ်။

“အလောင်းကို ကြည့်ချင်လို့ပြောတာတောင် သူတို့က ဇွတ်မြေချကြတာ” လို့ သူက ဆက်ပြောပါတယ်။

အလောင်းကိုတွေ့ပြီးတဲ့နောက် ဆရာဝန်ရဲ့ဆေးစစ်ချက်အရ ကိုပုလဲမောင်ဟာ သရက်သီးနဲ့ ငရုတ်သီး စားပြီး သွေးတိုးကာ လှေကားကပြုတ်ကျသေဆုံးခဲ့တာလို့ အစောပိုင်းမှာ ကောက်ချက်ချခဲ့သလို မိသားစုဝင်တွေကလည်း အဲဒီတိုင်းသာ သိခဲ့ရတယ်လို့ ပုလဲမောင်ရဲ့ ညီမက ပြောပါတယ်။

“အမှုမှန်ပေါ်ပေါက်တဲ့ အထိလိုက်မှာပါ။ ဒါက မတရားခံရတာ” လို့ ကိုပုလဲမောင် ညီမဝမ်းကွဲက ပြောပါတယ်။

ပုံစာ - ပုလဲမောင် သေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေး မိသားစုဝင်နှင့်ရွာခံများ ဆန္ဒပြတောင်းဆိုနေစဉ်။
ပုံစာ - ပုလဲမောင် သေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေး မိသားစုဝင်နှင့်ရွာခံများ ဆန္ဒပြတောင်းဆိုနေစဉ်။

ဒါကြောင့်လည်း ဇွန် ၆ ရက်မှာ မင်းတိုင်ပင်ကျေးရွာပအဖရုံးသို့ ပုလဲမြို့နယ်၊ ပအဖခေါင်းဆောင် ကိုဇော်ထက် ရောက်ရှိနေချိန်မှာ ကိုပုလဲမောင်မိသားစုဝင်တွေအပါအဝင် ရွာခံ ၁၀၀ ကျော်က အမှုမှန် ပေါ်ပေါက်ရေးအတွက် “ ပလဖ ပုလဲမောင် သေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေး ဒို့အရေ…ဒို့အရေး” လို့ ကြွေးကြော်ဆန္ဒပြခဲ့ကြပါသေးတယ်။ 

ပုလဲမြေပြင်ပြောက်ကျားအဖွဲ့ ခေါင်းဆောင် ဗိုလ်ဒေးဗစ်က အမှုမှန်ကို မဖော်ထုတ်နိုင်ပါက ပြည်သူအားကိုးနေတဲ့ ပုလဲမြို့နယ်တရားရေးမဏ္ဍိုင်မှာ ဘယ်သူ့ကို အားကိုးပြီး၊ ဘယ်သူ့ကိုယုံကြည်ရမလဲလို့ မေးခွန်းထုတ်ပါတယ်။ 

မြေပြင်မှာ လုပ်ရပ်အမှားတွေကိုလုပ်နေကြတဲ့ ခေါင်းဆောင်တွေကိုလည်း NUG၊ MOD အနေနဲ့ ထိထိရောက် ရောက်အရေးယူသင့်တယ်လို့ သူက ပြောပါတယ်။

“အခုမြေပြင်မှာရှိတဲ့ ပသုံးလုံး(ခေါင်းဆောင်တွေ)ကို‌ ပြောင်းလဲရင် ပြောင်းလဲ၊ မပြောင်းလဲရင်တော့ ပသုံးလုံးတွေကို ဖြုတ်ချဖို့ ကျနော့်အနေနဲ့ တိုက်တွန်းချင်တယ်” လို့ ပုလဲမြို့နယ်အတွင်းက ပသုံးလုံးကို ရည်ညွှန်းပြီး ဗိုလ်ဒေးဗစ်က ဆက်ပြောပါတယ်။ 

ပုလဲမြို့နယ် ပအဖခေါင်းဆောင် ကိုဇော်ထက်ကတော့ ပုလဲမောင်သေဆုံးမှုဖြစ်စဉ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနကို ဆက်သွယ်အကြောင်းကြားထားသလို NUG ဘက်ကလည်း အမှုမှန်ပေါ်ပေါက်အောင် စိစစ်ပေးဖို့ ပြောထားတယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က ပုလဲမောင်သေဆုံးမှုကို ပလဖက အမှုဖွင့်ဖို့လုပ်ဆောင်နေသလို ဘာကြောင့်သေဆုံးတယ်ဆိုတာကိုသိရဖို့ ဆေးစစ်ချက်တွေ ယူထားတယ်လို့ ဆိုပါတယ်။

“ဆေးစစ်ချက်တွေ အခြားစစ်ဆေးတွေ့ရှိချက်တွေအပေါ်မူတည်ပြီး တရားဥပဒေနဲ့ အညီ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

လက်ရှိအခြေအနေမှာ တော်လှန်ရေးဟာ ပြီးပြတ်သေးတာမဟုတ်တဲ့အတွက် ဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီ အမြစ်ဖြတ်ပြုတ်ကျရေးကိုသာ တစိုက်မတ်မတ် လုပ်သွားကြဖို့လိုအပ်နေပြီး အချင်းချင်းပွတ်တိုက်မှုတွေရှိနေပြီးတော့ အခုလိုသာ ပြဿနာတက်၊ ပြဿနာရှင်းနေရပါက “ တော်လှန် ရေးအောင်မြင်ဖို့အတွက် အများကြီးနှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်နိုင်တယ်” လို့ ဦးနေဘုန်းလတ်က မှတ်ချက်ပြုပါတယ်။

#မြေလတ်အသံ

#ဆောင်းပါး #ပုလဲမောင် #ပသုံးလုံး #ဇော်ထက် #ဒေါင်းညို #NUG #နေဘုန်းလတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10