ပုလဲမြို့နယ် နှောရိုးရွာက နေအိမ်အချို့ကို စစ်အုပ်စုမီးရှို့

ပုလဲမြို့နယ် နှောရိုးရွာက နေအိမ်အချို့ကို စစ်အုပ်စုမီးရှို့

 
 
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နှောရိုးရွာက နေအိမ် ၃ လုံးကို စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်တွေထဲကပစ္စည်းတွေကိုလည်း မွှေနှောက်ယူသွားတယ်လို့ သိရပါတယ်။
 
အင်အား ၇၀ ဝန်းကျင်ပါတဲ့စစ်သားတွေဟာ ဖေဖော်ဝါရီလ ၁၈ ရက်မနေ့ကမနက် ၉ နာရီလောက်မှာ ဝင်ရောက်မီးရှို့ခဲ့တာလို့ Pale Joker PDF မှ ဗိုလ်ပုလဲက ပြောပါတယ်။
“ဇီးဖြူကုန်းရွာကို စစ်ကြောင်းရောက်ကတည်းက အနီးအနားကရွာတွေကို စစ်ရှောင်ဖို့အတွက် အကုန်လုံးကို ဆော်သြထားတာ၊ နှောရိုးရွာကို စစ်ကြောင်းထွက်လာတော့ ရွာမှာက လူတွေမကျန်ခဲ့ဘူး၊ အားလုံးရွာကထွက်သွားကြတာ၊ မနေ့က ဇီးဖြူကုန်းရွာကိုရောက်ပြီး မနက် ၉ နာရီခွဲမှာ နှောရိုးရွာဘက်ကို ထွက်လာတာ။ ရွာလယ်က ‌နေအိမ် ၃ လုံးမီးရှို၊ နေအိမ်တွေက ပစ္စည်းတွေကို မွှေနှောက်ယူသွားတယ်”လို့ သူကပြောပါတယ်။
 
နှောရိုးကျေးရွာမှာ အိမ်ခြေ ၁ ထောင်နဲ့ လူဦးရေ ၁၅၀၀ ဝန်းကျင်ရှိပြီး စစ်ကောင်စီတပ်တွေရဲ့ မီးရှို့တာကို ခံရတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
 
အဲ့ဒီစစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၅ ရက်ကလည်း ကိုင်းတွင်းရွာက PDF စခန်းတခုနဲ့ နေအိမ် ၂ လုံးကို မီးရှို့ခဲ့ပြီး၊ အဲ့ဒီကနေတဆင့် ၁၆ ရက်မှာတော့ မင်းတိုင်ပင်ရွာက နေအိမ် ၆ လုံးနဲ့ စာသင်ကျောင်းတကျောင်းကိုပါ မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
 
အဲ့ဒီစစ်အုပ်စုဟာ လက်ရှိမှာတော့ နွယ်အင်းကျေးရွာကိုရောက်ရှိနေတယ်လို့သိရကာ နှောရိုး၊ သပြေအေး၊ မင်းတိုင်ပင်ရွာစတဲ့ ကျေးရွာတွေက ဒေသခံ ၆ ထောင်ကျော်လည်း ရွာကနေ ထွက်ပြေးတိမ်ရှောင်နေရတယ်လို့ သိရပါတယ်။
 
 
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10