ပုလဲမြို့နယ်ရှိ စစ်ရှောင် ၂၅၀ အတွက် ထောက်ပံ့ပစ္စည်းတွေ ကူညီပေးခဲ့

ပုလဲမြို့နယ်ရှိ စစ်ရှောင် ၂၅၀ အတွက် ထောက်ပံ့ပစ္စည်းတွေ ကူညီပေးခဲ့

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင်းမှာ လာရောက်စစ်ရှောင်နေကြတဲ့ စစ်ရှောင် ၂၅၀ အတွက် မြို့နယ်ပကဖ၊ ပအဖနဲ့ လူသားစာနာအဖွဲ့က ကျပ် ၁၃၅ သိန်းခန့်တန်ဖိုးရှိပစ္စည်းတွေကို ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျောမြို့နဲ့ အနီးဝန်းကျင်ကျေးရွာတွေကနေ ပုလဲမြို့နယ်အတွင်းလာရောက် စစ်ရှောင်နေကြတဲ့ ပြည်သူတွေကို ပုလဲမြို့နယ်ပကဖ၊ ပအဖနဲ့ လူသားစာနာအဖွဲ့က ဇန်နဝါရီ ၁ ရက်မှာ လှူဒါန်းပေးခဲ့တာဖြစ်တယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ခံတဦးက ပြောပါတယ်။

အလှူရှင်တွေက လှူဒါန်းထားတဲ့ငွေနဲ့ မြို့နယ်လူသားစာနာအဖွဲ့ရဲ့ ရံပုံငွေ စုစုပေါင်းကျပ် ၇၃ သိန်း၊ အဝတ်အထည်၊ အနွေးထည်၊ ခြုံစောင်၊ ဆန် ၊ ဆီ နဲ့ ကလေးငယ်တွေအတွက် ပညာရေးသင်ထောက်ကူပစ္စည်း စတဲ့စုစုပေါင်း ငွေကျပ် ၁၃၅ သိန်းခန့်တန်ဖိုးရှိ ကူညီထောက်ပံ့မှုတွေ ပေးအပ်ခဲ့တယ်လို့ သူက ပြောပါတယ်။ 

ပုလဲမြို့နယ်တွင်း စစ်ရှောင် အိမ်ထောင်စု ၂,၄၀၀ ဝန်းကျင်ရှိတယ်လို့ မြို့နယ်ပအဖအဖွဲ့ဝင်တဦးကပြောပါတယ်။ 

အခုလှူဒါန်းခဲ့တဲ့စစ်ရှောင်စခန်းမှာ စစ်ရှောင်အိမ်ထောင်စု ၅၇ စု၊ လူဦးရေ ၂၅၀ ရှိပြီး ကျောင်းနေအရွယ် ကလေး ၂၃ ဦး၊ ၅ နှစ်အောက်ကလေး ၁၀ ဦး နဲ့ ၆၅ နှစ်အထက် သက်ကြီးရွယ်အို ၁၂ ဦး ခန့်ရှိတယ်လို့ ဆိုပါတယ်။ 

အဲဒီစစ်ရှောင်စခန်းမှာ ပြည်သူတွေ စစ်ရှောင်နေရတာဟာ ၆ လခန့် ကြာမြင့်နေပြီလို့ဆိုပါတယ်။

ကျောမြို့အနီး ရေမြက်နီကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေက မီးရှို့ခဲ့တာနဲ့ ကပစ ၂၃ ဝန်းကျင်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် ရေမြက်နီအပါအဝင် အနီးအနားကျေးရွာတွေက ပြည်သူတွေပါ ဘေးလွတ်ရာကို စစ်ရှောင်နေရတာဖြစ်ပါတယ်။ 

“လေကြောင်းက ၁ ပတ်ကျော် Y12၊ Y8၊ 35 တွေ ဂျက်ဖိုက်တာတွေနဲ့ အဆက်မပြတ် ဗုံးကြဲခံရတာတွေ ကြောင့် အရပ်သားထိခိုက်သေဆုံးတာရှိခဲ့တယ်။ အိုးအိမ်တွေ ပျက်စီးခဲ့တယ်။ အဲဒါတွေကို ကြောက်ပြီး ထွက်လာကြတာပေါ့။” လို့ ပုလဲမြို့နယ်ပအဖအဖွဲ့ဝင်တဦးက ဆိုပါတယ်။

ကျောမြို့နဲ့အနီးအနားရွာက စစ်ရှောင်ပြည်သူတွေ ပုလဲမြို့နယ်တွင်းမှာ စစ်ရှောင်စခန်း ၂ နေရာစာရှိပြီး ပုလဲ ပကဖနဲ့ ပအဖအဖွဲ့တွေက နေစရာနေရာချထားပေးပြီး ကိုယ့်နည်းကိုယ်ဟန်နဲ့ စစ်ရှောင်တဲလေးတွေ ဆောက်ကာ နေကြတယ်လို့ သိရပါတယ်။

အနီးအနားမှာ စာသင်ဆောင်လေးလည်း ဆောက်လုပ်ပေးပြီး ကလေးတွေတွက် စာသင်ကြားပေးနေတယ်လို့ မြို့နယ်ပအဖအဖွဲ့တဦးက ဆိုပါတယ်။

စစ်ရှောင်ပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ မြို့နယ်ကျန်းမာရေးကော်မတီက ၁ ကြိမ် ကြည့်ရှုကုသပေးခဲ့ပြီး လိုအပ်လာရင် ဆက်သွယ်ကုသပေးတဲ့နေရာတွေနဲ့လည်း ချိတ်ဆက်ပေးတယ်လို့ ဆိုပါတယ်။ 

စစ်ရှောင်နေရတဲ့အခြေအနေအရ ရောက်နေတဲ့နေရာမှာ လုပ်စရာအလုပ်မရှိတဲ့အတွက် စစ်ရှောင်တွေဟာ အိမ်ကပါလာတဲ့ပစ္စည်းလေးတွေနဲ့ အလှူရှင်တွေကိုပဲ အားကိုးနေ,နေရတဲ့ အနေအထားဖြစ်တယ်လို့ ပုလဲမြို့နယ်ပအဖအဖွဲ့ဝင်တဦးက ဆိုပါတယ်။ 

အခုရက်ပိုင်းတွေမှာ ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ သီးခြားအလှူရှင်တွေ လာရောက်ကူညီတာ တွေတော့ရှိပေမယ့် လိုအပ်ချက်တွေရှိနေသေးတယ်လို့လည်း သိရပါတယ်။

သတင်း - ဟယ်သာ၊ စာတည်း - JCG

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ပုလဲမြို့ #စစ်ရှောင် #ပကဖ #ပအဖ #လူသားစာနာ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10