ပုလဲမြို့နယ်၊ ကံကြီးရွာက အမျိုးသားတဦးကို စစ်တပ်သတ်ပြီး ကျေးရွာတွေကို စစ်ကြောင်းထိုး

ပုလဲမြို့နယ်၊ ကံကြီးရွာက အမျိုးသားတဦးကို စစ်တပ်သတ်ပြီး ကျေးရွာတွေကို စစ်ကြောင်းထိုး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကံကြီးကျေးရွာကို မနေ့က စစ်တပ်က စစ်ကြောင်း ၂ ကြောင်းခွဲဝင်ရောက်ခဲ့ပြီး ဒေသခံအမျိုးသား ၁ ဦးကို သတ်ဖြတ်ကာ ၄ ဦးကိုဖမ်းဆီးခဲ့တယ်လို့ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၁၂ ရက် မနေ့က မနက်ပိုင်းမှာ အင်အား ၁၃၀ လောက်ပါတဲ့ စစ်တပ်က စစ်ကြောင်း ၂ ကြောင်းခွဲကာ ကံကြီးကျေးရွာကိုဝင်ရောက်ခဲ့ပြီး စစ်ကြောင်း ၁ ကြောင်းက အသက် ၄၀ ကျော်အရွယ် ဦးချစ်အောင်နဲ့ အသက် ၃၀ ကျော်အရွယ် ကိုစိုးထွန်းဆိုသူ ၂ ဦးကို ဖမ်းဆီးသွားတယ်လို့သိရပါတယ်။

၎င်းတို့ ၂ ဦးကို ကံကြီးကျေးရွာအနီး လယ်တောထဲကိုခေါ်သွားကာ ဦးချစ်အောင်ကို ပစ်သတ်ခဲ့ပြီး ကိုစိုးထွန်းကို ပြန်လွှတ်ပေးခဲ့တယ်လို့ ပုလဲမြို့နယ်၊ လူထုသပိတ်ဦးဆောင်ကော်မတီက ကိုတိုးဝေအောင်က ပြောပါတယ်။

"ကိုစိုးထွန်းက အခုကြောင်နေတယ်။ ဘာမှမေးမရဘူး။ ဦးချစ်အောင်ကို နားထင်တေ့ပစ်ထားတာ။ မနေ့က စစ်ကြောင်းရှိနေလို့ အလောင်းမယူရဘူး။ ဒီနေ့ သင်္ဂြိုဟ်လိုက်တယ်" လို့ ကိုတိုးဝေအောင်က ပြောပါတယ်။

ဒါ့အပြင် နောက်ထပ်စစ်ကြောင်း၁ ကြောင်းကလည်း ကံကြီးရွာက ဒေသခံအမျိုးသား ၃ ဦးကို ဖမ်းဆီးသွားပြီး အဲ့ဒီလူတွေနဲ့ပတ်သက်လို့ ဘာသတင်းမှ မကြားရသေးဘူးလို့ ဆိုပါတယ်။

ဒီနေ့မှာ အဲ့ဒီစစ်ကြောင်းတွေပေါင်းပြီး ချင်ပစ်ရွာမှာ တပ်စွဲထားတယ်လို့သိရပါတယ်။

ဒီစစ်ကြောင်းဟာ စက်တင်ဘာ ၉ ရက်ကတည်းက ပုလဲမြို့နယ်ထဲကို စစ်ကြောင်းထိုးကာ အင်မထီးပျူစောထီး စခန်းကို ရိက္ခာပို့ခဲ့ပြီး ကျေးရွာတွေကို ဒီနေ့အထိမွှေနှောက်နေတာလို့သိရပါတယ်။

ဒီစစ်ကြောင်းကြောင့် မုံသွင်၊ ချင်ပြစ်၊ ကြာစီ၊ ရွာနောင်၊ ကြူခြံ၊ ညောင်ကုန်း၊ ဖိုလ်ကုန်းရွာတွေအပါအဝင် ပုလဲမြို့နယ်ထဲက ဒေသခံ ၅ သောင်းကျော် စစ်ရှောင်နေရတယ်လို့ ကိုတိုးဝေအောင်က ပြောပါတယ်။

ပုံစာ - စစ်ဘေးရှောင်ပြည်သူများ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ပုလဲမြို့နယ် #ကံကြီးကျေးရွာ  #စစ်ကြောင်း #ဒေသခံ #ဖမ်းဆီး #သတ်ဖြတ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10