ပုလဲမြို့သိမ်းတိုက်ပွဲအတွင်း သုံ့ပန်း ၂၅ ဦးဖမ်းမိပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိကြောင်း BNRA ထုတ်ပြန်

ပုလဲမြို့သိမ်းတိုက်ပွဲအတွင်း သုံ့ပန်း ၂၅ ဦးဖမ်းမိပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိကြောင်း BNRA ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရှင်ဖမ်းမိသူတွေရှိပြီး လက်နက် ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRA က နိုဝင်ဘာ ၁၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။ 

BNRA ရဲ့ ဦးဆောင်မှုနဲ့ နိုဝင်ဘာ ၁၁ ရက် မနက် ၄ နာရီခွဲလောက်မှာ တိုက်ပွဲစတင်ခဲ့ပြီးနောက် ၄၈ နာရီအကြာမှာ စစ်သုံ့ပန်း ၂၅ ဦးဖမ်းမိပြီး လက်နက်ခဲယမ်းမျိုးစုံကို သိမ်းဆည်းနိုင်ခဲ့တာဖြစ်ပါတယ်။ 

တိုက်ပွဲအတွင်း ကာကွယ်ရေးပူးပေါင်းတပ်တွေအနေနဲ့ မြို့နယ်ထွေအုပ်ရုံးနဲ့ မြို့မရဲစခန်းကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် စစ်ကောင်စီဘက်က စုစုပေါင်း လေကြောင်းပစ်ကူ ၇၀ ကျော်အပြင် လက်နက်ကြီးပစ်ကူတွေပါ ပေးတဲ့အတွက်ကြောင့် တိုက်ပွဲ ၄ ရက်မြောက်နေ့မှာ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။ 

“ကျနော်တို့‌တွေအနေနဲ့ စစ်ကောင်စီရဲ့ မြေပြင်စစ်ကူတွေကို ဖြတ်တောက်နိုင်ခဲ့တယ်၊ အဲ့ဒီနောက်မှာ စစ်ကောင်စီက ဝေဟင်ကနေပြီး တပ်ကူချတယ်၊ စစ်ကောင်စီက ဝေဟင်ကနေ ပစ်ကူတယ်၊ ဝေဟင်စစ်ကူတွေ ဖြတ်တောက်ဖို့ ကျနော်တို့တွေနည်းနည်းခက်ခဲခဲ့တယ်၊ အဲ့ဒီအတွက်ကြောင့်မလို့ နိုဝင်ဘာ ၁၄ ရက်မှာ ကျနော်တို့ ပုလဲမြို့ပေါ်က ဆုတ်ခွာခဲ့ပါတယ်။” လို့ BNRA သတင်းနဲ့ ပြန်ကြားရေးဌာနက ရဲဘော်မင်းရဲမာန်က ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က MA 1 ၅ လက်၊ MA 2 ၂ လက်၊ MA 3 ၄ လက်၊ MA 4 ထောက်တွဲ ၁ လက်၊ G3 ၆ လက်၊ G4 2 လက်၊ ပစ္စတို MA 5 ၁ လက်၊ M9 ဗုံးသီး ၆၀ လုံး၊ လက်ပစ်ဗုံး ၂ လုံး၊ တိုက်မိုင်း ၃ လုံး၊ နင်းမိုင်း ၁ လုံး၊ လက်ပစ်စနစ်တံ ၆ ခု၊ တိုက်မိုင်းဖြူး ၃ ခု၊ G3 ကျည်နဲ့ ကပစ ၅.၅၆ ကျည် အများအပြား၊ G3 ကျည်ဘောက်အပို ၄ ဘောက်၊ MA အပိုကျည်ဘောက် ၂၉ ဘောက် တို့ကို သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူ ၂၅ ဦးကိုလည်း လက်ရှိမှာ စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားပြီး ဒဏ်ရာရသူတွေကို ဆေးကုသမှုလုပ်ပေးနေတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRA က ဦးဆောင်ကာ အညာညီနောင် ဖြစ်တဲ့ Generation Z Army - GZA နဲ့ ရေစကြိုမြို့နယ် ဗိုလ်အောင်မောင်းဦးဆောင်တဲ့ Southern Yesagyo - SYSO တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

စစ်ဆင်ရေးအတွင်း BNRA မှ ရဲဘော် ၉ ဦးကျဆုံး၊ ၁၀ ဦးထိခိုက်ပြီး GZA မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။  

ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ မြို့ပေါ်ကပြန်ဆုတ်ခွာသွားပြီးနောက် နိုဝင်ဘာ ၁၅ ရက်ညနေပိုင်းမှာ စစ်ကောင်စီက ပုလဲမြို့ပေါ်ကိုပြန်ဝင်ရောက်လာခဲ့ပြီး နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ 

တိုက်ပွဲ ၄ ရက်တာအတွင်း အနည်းဆုံးအရပ်သား ၇ ဦးသေဆုံးခဲ့ပြီး ပုလဲမြို့ပေါ်အပါအဝင် ကျေးရွာ ၂၁ ရွာက ဒေသခံ ၂ သောင်းကျော်လည်း စစ်ရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ပုလဲ #မြို့သိမ်းတိုက်ပွဲ #လက်နက်ခဲယမ်း #သိမ်းဆည်းရရှိ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10