သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ပုလဲမြို့အနီးဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေက တောင်သူတွေ စပါး၊ နှမ်း ရိတ်သိမ်းကြရာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လုံခြုံရေးယူပေးပြီး ရိတ်သိမ်းနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာလ ဒုတိယပတ်အတွင်းဖြစ်ပွားခဲ့တဲ့ ပုလဲမြို့ပေါ်တိုက်ပွဲအပြီး စစ်ကောင်စီတပ်က မြို့ပေါ်မှာ အင်အား တွေ ပြန်လည်ဖြည့်တင်းကာ ပုလဲမြို့အနီးကကျေးရွာတွေကို စစ်ကြောင်းထိုးတဲ့အတွက် ဒေသတွင်းကျေးရွာ တွေက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စပါး၊ နှမ်း စတဲ့သီးနှံတွေ ရိတ်သိမ်းနိုင်ခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။
လတ်တလော အခြေအနေအရ ပြည်သူ့ကာကွယ်ရေးတပ်သားတွေရဲ့ ကင်းယူပြီးကာကွယ်ပေးမှုကြောင့် မြို့နဲ့ အနီးကပ်ဆုံးမှာရှိတဲ့ စပါးခင်း၊ နှမ်းခင်း ဧက ၂၀၀ နီးပါးမှအပ အခြားလယ်ယာတွေကိုတော့ ရိတ်သိမ်းနိုင်ပြီလို့ ဒေသခံတောင်သူအမျိုးသားတဦးက ပြောပါတယ်။
ဒေသခံတောင်သူတွေအနေနဲ့ နိုဝင်ဘာ ၂၉ ရက်မတိုင်ခင်က စပါးနဲ့ နှမ်းတွေကို ရိတ်သိမ်းခြင်းမပြုနိုင်ဘဲ ဖြစ်နေရာက အခုအခါမှာ ပြည်သူကာကွယ်ရေးအဖွဲ့တွေရဲ့ လုံခြုံရေးကင်းယူပေးတာကြောင့် တောင်ယာရိတ်သိမ်းခြင်းတွေကို လုပ်နိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။
"ဒေသခံပကဖတွေ ပြည်သူ့ကာကွယ်ရေးတပ်သားတွေက ကင်းယူပေးလို့ စပါး၊ နှမ်းတွေ ရိတ်သိမ်းနိုင်ခဲ့တယ်။ မြို့နဲ့ အနီးကပ်ဖြစ်တဲ့ စပါးခင်းတွေကိုတော့ မရိတ်သိမ်းနိုင်သေးဘူး။ မြို့နဲ့ နည်းနည်းကပ်နေတဲ့ ယာခင်းတွေကို အမျိုးသားတွေ မခေါ်ဘဲ အမျိုးသမီးတွေပဲ ရိတ်ခိုင်းတယ်။” လို့ သူက ဆက်ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့သိမ်းတိုက်ပွဲကို BNRA ဦးဆောင်မှုနဲ့ နိုဝင်ဘာ ၁၁ ရက် မနက် ၄ နာရီခွဲလောက်မှာ တိုက်ပွဲစတင်ခဲ့ရာ ကာကွယ်ရေးပူးပေါင်းတပ်တွေအနေနဲ့ မြို့နယ်ထွေအုပ်ရုံးနဲ့ မြို့မရဲစခန်းကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် စစ်ကောင်စီဘက်က စုစုပေါင်း လေကြောင်းပစ်ကူ ၇၀ ကျော်အပြင် လက်နက်ကြီးပစ်ကူတွေပါ ပေးတဲ့အတွက်ကြောင့် တိုက်ပွဲ ၄ ရက်မြောက်နေ့မှာ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။
အဲဒီတိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်သုံ့ပန်း ၂၅ ဦးဖမ်းမိပြီး လက်နက်ခဲယမ်းမျိုးစုံကို သိမ်းဆည်းနိုင်ခဲ့ပါတယ်။
ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ မြို့ပေါ်ကပြန်ဆုတ်ခွာသွားပြီးနောက် နိုဝင်ဘာ ၁၅ ရက် ညနေပိုင်းမှာ စစ်ကောင်စီက ပုလဲမြို့ပေါ်ကို ပြန်ဝင်ရောက်လာခဲ့ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်ခဲ့ပါတယ်။
တိုက်ပွဲ ၄ ရက်တာအတွင်း အနည်းဆုံးအရပ်သား ၇ ဦးသေဆုံးခဲ့ပြီး ပုလဲမြို့ပေါ်အပါအဝင် ကျေးရွာ ၂၁ ရွာက ဒေသခံ ၂ သောင်းကျော်လည်း စစ်ရှောင်ခဲ့ရပါတယ်။
လတ်တလော အိမ်ပြန်ကပ်နိုင်တဲ့ပြည်သူတွေရှိနေပေမယ့် စစ်ဘေးရှောင် ၁ သောင်းနီးပါးကတော့ နီးစပ်ရာကျေးရွာတွေကို စစ်ရှောင်နေရဆဲဖြစ်ပါတယ်။
သတင်း - သိုက်ထွန်း ၊ စာတည်း - JCG
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #ပုလဲမြို့ #တောင်သူ #စပါး #နှမ်း #PDF
Share Share Share