ပုလဲမှာ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီက ၃ နေရာကို လေကြောင်းကနေဗုံးကြဲ

ပုလဲမှာ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီက ၃ နေရာကို လေကြောင်းကနေဗုံးကြဲ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာက စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေကို ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက ဇီးဖြူကုန်းရွာအနီးနဲ့ မြကုန်းကျေးရွာ အပါအဝင် ၃ နေရာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်ပျက်စီးမှုနဲ့ ဒေသခံထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

ဇီးဖြူကုန်းကျေးရွာအနီး မြကုန်းကျေးရွာဟာ မိုင် ၂၀ နီးပါးကွာဝေးပြီး စစ်ကောင်စီက တိုက်ပွဲဖြစ်ရာ ဇီးဖြူကုန်းကျေးရွာအနီးကို ဖေဖော်ဝါရီ ၁ ရက် ဒီမနက် ၉ နာရီလောက်မှာ ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံးကြဲချပြီး အပြန်မှာ မြကုန်းရွာကို ဗုံး ၁ လုံးနဲ့ ပုလဲမြို့မြောက်ဘက်က ဆည်ဘောင်တခုအနီးကို ဗုံး ၁ လုံး ကြဲချခဲ့တာပါ။ 

လေကြောင်းတိုက်ခိုက်မှုကြောင့် မြကုန်းကျေးရွာက နေအိမ် ၅ လုံးပျက်စီးပြီး အသက် ၄၀ အရွယ်အမျိုးသမီး ၁ ဦးဒဏ်ရာရတယ်လို့ ပုလဲ ပအဖ တာဝန်ခံ ကိုဇော်ထက်ကပြောပါတယ်။

ဒီမနက် ၈ နာရီကျော်ခန့်မှာ စစ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၅၀ လောက် တပ်စွဲနေတဲ့ ဇီးဖြူကုန်းကျေးရွာကို ကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်မှာ စစ်ကောင်စီက ခုလို ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ 

ဇီးဖြူကုန်းကျေးရွာ တိုက်ပွဲဟာ ၁ နာရီကျော်ကြာဖြစ်ခဲ့ပြီး ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေဘက်က အထိအခိုက်မရှိခဲ့ဘဲ စစ်ကောင်စီဘက်ကထိခိုက်မှုကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

တိုက်ခိုက်ချိန် စခန်းသိမ်းနိုင်မယ့်အခြေအနေရှိခဲ့ပေမယ့် လေယာဥ်နဲ့ဗုံးလာကြဲလို့ ပြန်ဆုတ်လာကြတယ်လို့သိရကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

၂၀၂၃ ဇွန် ၁၅ ရက်ကလည်း ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာက ပျူနဲ့စစ်ကောင်စီ ပူးပေါင်းအဖွဲ့ရှိနေတဲ့ နေရာကို ဒေသခံကာကွယ်ရေးတပ်တွေက ဒရုန်းနဲ့ ၄ ရက်ဆက်တိုက်ခိုက်ခဲ့ရာ  ၂ ဦးထက်မနည်း သေဆုံးပြီး ၄ ဦးထက်မနည်းဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ပုလဲ #ဇီးဖြူကုန်း #စစ်ကောင်စီ #ကာကွယ်ရေးတပ် #တိုက်ပွဲ #ဗုံးကြဲ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10