ပုလဲမှာ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူနေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ

ပုလဲမှာ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူနေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ဒေသခံပြည်သူတွေရဲ့ ပစ္စည်းတွေကို ခိုးယူနေကြတဲ့ စစ်ကောင်စီတပ်သားတွေကို စက်တင်ဘာလ ၁၂ ရက် ည ၅ နာရီမှာ တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ Southern YSO PDF က ပြောပါတယ်။

အင်မထီးကျေးရွာမှာ အထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သား ၈၀ ကျော်က အင်ကြင်းစုကျေးရွာကို ဝင်ရောက်ပြီး စားနပ်ရိက္ခာ၊ ငွေကြေး၊ ရွှေထည် စတဲ့ပစ္စည်းတွေကို ခိုးယူလုယက်ပြီး လှည်းအစီးရေ ၁၈ စီးနဲ့ အင်မထီးကျေးရွာကို ပြန်လာချိန် မီတာ ၃၀၀ အကွာကနေ ၆၀ မမ ၃ လုံးနဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ရှေ့ပြေးအဖွဲ့ကို လက်နက်ကြီး ၁ လုံးနဲ့ပစ်လိုက်တဲ့အချိန်မှာ ၂ ကောင်သေတယ်။ မျက်မြင်ပဲ။ လှည်းတန်းကို ၂ လုံးထုတာကတော့ ကွက်တိကျသွားတယ်။ ထိခိုက်သေဆုံးမှုရှိနိုင်တယ်" လို့ Southern YSO PDF မှ တာဝန်ခံခေါင်းဆောင် ကိုအောင်မောင်းက ပြောပါတယ်။

တိုက်ခိုက်ခံရချိန်အတွင်း စစ်ကောင်စီဘက်က လက်နက်ငယ်တွေ၊ ၆၀ မမ၊ ၄၀ မမတွေနဲ့ ပြန်လည်ပစ်ခတ်ကာ အင်မထီးကျေးရွာကို ဆက်လက်ထွက်သွားတယ်လို့ ဆိုပါတယ်။ 

အဲဒီပစ်ခတ်မှုမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။  

ဒီတိုက်ခိုက်မှုကိုတော့ ယင်းမာပင်ခရိုင်တပ်ရင်း (၃)၊ (၄)၊ (၅)၊ (၆)နဲ့ Southern YSO PDFတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ 

အလားတူ စင်တင်ဘာလ ၁၁ ရက်မှာလည်း ပုလဲမြို့ပေါ်ကနေ နွယ်ရှောက်ကျေးရွာဘက်ကို ထွက်ခွာလာကြတဲ့ စစ်ကောင်စီတပ်သား ၈၀ ကျော်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်တို့က တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့တာကြောင့် လေကြောင်းပစ်ကူခေါ်ပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - Southern YSO PDFမှ တိုက်ခိုက်ရေးရဲဘော်များ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ပုလဲမြို့နယ် #ခိုးယူ #စစ်ကောင်စီ  #PDF #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10