ပုလဲမှာအထိနာနေတဲ့စစ်ကြောင်းက ရွာမီးရှို့နေလို့ ဒေသခံ ၁ သောင်းကျော် ထွက်ပြေးနေရ

ပုလဲမှာအထိနာနေတဲ့စစ်ကြောင်းက ရွာမီးရှို့နေလို့ ဒေသခံ ၁ သောင်းကျော် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်ကောင်စီနဲ့ပျူတပ်သားတွေက စစ်ကြောင်းထိုးကာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံပြည်သူ ၁ သောင်းကျော် ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

အင်အား ၁၀၀ ကျော်ရှိတဲ့ အဲ့ဒီစစ်ကြောင်းဟာ ဧပြီလ ၂ ရက်နေ့မှာ နှောကန်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် လူနေအိမ် ၁၂၀ လုံး ပြာကျပျက်စီးခဲ့တဲ့အပြင် နေအိမ်ထဲပိတ်မိကျန်ခဲ့တဲ့ အသက် ၇၈ နှစ်အရွယ် အဘွားတဦးလည်းမီးလောင်သေဆုံးခဲ့တယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက မြေလတ်အသံကို ပြောပါတယ်။



"မီးလောင်သေဆုံးတဲ့အဘွားက ဒုက္ခိတ လို့သိရတယ်။ ပြီးတော့ အဘိုးတယောက်လည်း မီးလောင်ဒဏ်ရာရခဲ့တယ်။ နှောကန်ရွာက တောင်သူလယ်သမားရွာဗျ။ ထွန်စက်တွေ၊ လယ်ယာသုံးပစ္စည်းတွေက အကုန်လုံးပြာတွေပဲ တွေ့ခဲ့ရတယ်။ စကစတွေက ရွာမီးမရှို့ခင် ရွာကလူတွေကို ထွက်မပြေးရင် လူတွေကိုပါ မီးရှို့လိုက်မယ်ပါပြောတာ"
လို့ ပြောပါတယ်။

အခုလို နှောကန်ကျေးရွာ မီးရှို့ခံရတာကြောင့် အနီးအနားကရွာတွေဖြစ်ကြတဲ့ ငှက်ပျောတော၊ အင်းကန်၊ ကျေးနင်း၊ဆင်ရှင်၊ ကျောက်ဖျာကန်၊ မင်းတိုင်ပင်၊ သပြေကန် အပါအဝင် ကျေးရွာ ၁၀ ရွာက ဒေသခံ ၁၅၀၀၀ ခန့်ဟာ ဧပြီလ ၄ ရက် ဒီကနေ့အထိ အချိန်ထိ ထွက်ပြေးတိမ်းရှောင်နေကြရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

"စကစတွေက မင်းတိုင်ပင်ရွာမှာ စခန်းချထားတယ်။ အဲဒီနေရာကပဲ အနီးတဝိုက်က ရွာတွေကို စစ်ကြောင်းဝင်ထိုးနေတာ။ ဒေသခံတွေကတော့ တော်တော်လည်း အကူအညီတွေ လိုအပ်နေပါတယ်။ ရွာကပြေးလာရတာက အဝတ်တထည်တည်းနဲ့ပြေးလာရတာလေ" လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်က ကျေးရွာတွေကို ဝင်ရောက်မီးရှို့နေတာဟာ ဧပြီလ ၂ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ နှောကန်ကျေးရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အကျအရှုံးများခဲ့ပြီးတဲ့နောက် အခုလိုမီးတင်ရှို့နေတာလို့ ဆိုပါတယ်။

ဧပြီလ ၂ ရက်နေ့က မင်းတိုင်ပင်ရွာနဲ့ နှောကန်ရွာအကြားမှာ PDF တွေကို ဆိုင်ကယ်စီးပြီး သေနတ်နဲ့လိုက်ပစ်တဲ့ စစ်ကောင်စီတပ် ဗိုလ်ကြီးနဲ့တပ်သား ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပြီး သေနတ် ၂ လက်လည်း PDF တွေဘက်က ရရှိခဲ့တဲ့အပြင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရမှုတွေမှာလည်း ထိခိုက်သေဆုံးမှုတွေ များပြားနေတယ်လို့ သိရပါတယ်။

ပုံစာ - မီးရှို့ခံရတဲ့ နေအိမ်တွေနဲ့ စစ်ရှောင်ဒေသခံများ။
စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10