ပုလဲမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ ၁ ဦးသေပြီး လက်နက်တွေပါ သိမ်းဆည်းခံရ

ပုလဲမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ ၁ ဦးသေပြီး လက်နက်တွေပါ သိမ်းဆည်းခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာကထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဧပြီ ၁၀ ရက်နေ့လယ် ၁၂ နာရီလောက်က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRA အဖွဲ့ဆီက သိရပါတယ်။ 

အဆိုပါစစ်ကောင်စီတပ်သားတွေထဲက ရှေ့ပြေးလုံခြုံရေးစစ်သားအချို့ကို ဇီးဖြူကုန်းကျေးရွာရဲ့ အရှေ့မြောက်ဘက် မီတာ ၅၀ အတွင်းကနေ စတင်တိုက်ခိုက်ခဲ့ပြီးနောက် မိနစ် ၃၀ ကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။   

“ကျနော်တို့ဘက်က လက်ဦးမှုရယူပြီး ကွဲထွက်လာတဲ့ စစ်ကောင်စီတပ်သားကို သုတ်သင်ပြီး လက်နက်ရအောင် ယူတယ်။ စစ်ကောင်စီဘက်က တပ်ခွဲ ၁ ခွဲစာ အင်အား ၅၀ လောက်ထပ်ဖြည့်လာတဲ့အတွက် ထိတွေ့မှု ဖြစ်အောင်ထပ်လုပ်တယ်။ နောက်ထပ် ထိခိုက်သေဆုံးမှုကိုတော့အတည်မပြုနိုင်ဘူး။” လို့  BNRA  ဗဟိုသတင်းနဲ့ ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

သေဆုံးသူစစ်သားဟာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တပ်ချောင်းရွာသား မောင်စိန်သန်းအောင် ဆိုသူဖြစ်ပြီး အလောင်းကိုတော့ ကာကွယ်ရေးရဲဘော်တွေကပဲ မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် တိုက်ခိုက်မှုအတွင်း G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ခဲယမ်းအများအပြား၊ ဖုန်း ၁ လုံး၊ စကားပြောစက် ၁ လုံး သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဇီးဖြူကုန်းကျေးရွာမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေဟာ  ၂၀၂၂ ဖေဖော်ဝါရီ ကတည်းက အထိုင်ချတပ်စွဲထားတာဖြစ်ပြီး ပတ်ဝန်းကျင်းကျေးရွာတွေကို စစ်ကြောင်းထိုးတာ၊ စားနပ်ရိက္ခာတွေလုယူတာနဲ့ ဒေသခံပြည်သူတွေကိုလည်း နှိပ်စက်တာတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #ပုလဲ #စစ်ကောင်စီ #တိုက်ခိုက် #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10