ပုလဲမှာ စစ်ကောင်စီစစ်ကြောင်း ပိတ်ဆို့တိုက်ခိုက်ခံရလို့ ၇ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကနေလာတဲ့ စစ်ကောင်စီစစ်ကြောင်း ၃ ကြောင်းကို တော်လှန်ရေးအင်အားစုတွေက နွယ်ရှောက်ကျေးရွာအနီးမှာ ပိတ်ဆို့ပြီး စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့လို့ ၄ ဦးသေဆုံးခဲ့တယ်လို့ သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

စက်တင်ဘာ ၁၁ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ ပုလဲမြို့နယ်ကထွက်လာတဲ့ အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကြောင်းကို တော်လှန်ရေးအင်အားစုတွေက ညနေ ၇ နာရီခွဲမှာ နွယ်ရှောက်ကျေးရွာအနီး ပတ်ဆို့ပြီး စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"အဲ့ဒီစစ်ကြောင်းဟာ ပုလဲမြို့ပေါ်ကနေထွက်လာဖို့ အချိန်ယူနေတာက မနက် ၅ နာရီလောက်ကတည် က အချိန်ယူနေတာ။ ဒါပေမဲ့ သူတို့စထွက်လာတာက ၆ နာရီခွဲမှာ စတင်ထွက်လာတယ်။ တိုက်ပွဲစတင်ပြီးတော့ ထိတွေ့မှုဖြစ်တာက ၇ နာရီခွဲမှာ ပုလဲမြို့ရဲ့အနောက်တောင်ဘက် နွယ်ရှောက်ကျေးရွာတဝိုက်မှာ တိုက်ပွဲထိတွေ့မှုဖြစ်တာ" လို့ သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ ဗျူဟာမှူး သခင်ဒေါင်းညိုက ပြောပါတယ်။

ကာကွယ်ရေးအဖွဲ့တွေက စစ်ကြောင်းသွားမယ့် လမ်းကို ၄၀၊ ၆၀ ၊ ၈၀၊ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ အချက်ပေါင်း ၆၀ လောက်ပစ်ခတ်ကာ စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်ရာမှာ လက်နက်ငယ်တွေနဲ့ ပိတ်ဆို့ပြီး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

"ကျနော်တို့ဘက်က ထိခိုက်သေဆုံးမှုမရှိဘူး။ စစ်ကောင်စီဘက်ကတော့ ရှေ့တန်းကရဲဘော်တွေကိုယ်တိုင်မြင်တာတော့ ၄ ယောက်သေဆုံးပြီး အလောင်းတွေကို ဆွဲသွားတာတွေ့ရတယ်။ စစ်ကောင်စီက တိုက်ပွဲဖြစ်ပြီး အင်းကြင်းစုရွာမှာပဲ ဆက်ပြီးရှိနေသေးတယ်။" လို့ သခင်ဒေါင်းညိုက ပြောပါတယ်။

အလားတူ အဲ့ဒီနေ့ နေ့ခင်းပိုင်းမှာ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေထဲက Chindwin Toe Na Yar အဖွဲ့ကလည်း ပုလဲမြို့နယ်က ကျွန်းဘိုကုန်းရွာရဲ့အရှေ့ဘက်မှာ အသင့်စောင့်ကြိုပြီး တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး စက်တင်ဘာ ၁၁ ရက် တနေ့တည်းမှာပဲ စစ်ကောင်စီဘက်က ၇ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း များတယ်လို့ သိရပါတယ်။

"တိုက်ပွဲက ညနေ ၄ နာရီအထိ တိုက်ပွဲဖြစ်ခဲ့တယ်။ နေ့လယ် ၁၁ နာရီကနေ စတိုက်ပွဲဖြစ်တာ၊ အဲ့ဒီစစ်ကြောင်းက အင်အား ၁၀၀ ဝန်းကျင်လောက်ပါတယ်။ လက်ရှိတော့ စစ်ကောင်စီဘက်က ၃ ကောင်သေတယ်။ အထိအခိုက်တော့ များနိုင်တယ်။ တိုက်ပွဲချိန်ကတော့ ၄ နာရီလောက်ကြာခဲ့တယ်။ တိုက်ပွဲပြီးတော့ အဲ့ဒီစစ်ကြောင်းက အင်မထီးဘက်ရောက်သွားတယ်။" လို့ Chindwin Toe Na Yar PDF ဗိုလ်မုန်တိုင်းက ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ခမရ ၇၀၃၊ ၇၀၈နဲ့ အထူးတပ်တွေ ပေါင်းထားတဲ့ စစ်ကြောင်း ၃ ကြောင်းဖြစ်ကာ နှစ်ဘက်တိုက်ပွဲအတွင်း ပိတ်မိနေတဲ့အတွက် မုံရွာနမခက လေကြောင်းနဲ့ ၂ ခါ ပစ်ကူပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့၊ Chindwin Toe Na Yar PDF၊ ကျားသစ်နက်ပြောက်ကျားတပ် ၊ ဗိုလ်နဂါးဦးဆောင်တဲ့ BNRA အဖွဲ့ ၊ ဒေါင်းမင်းတပ်ရင်း ၊ ဒေါင်းစစ်သည်ပြည်သူ့ကာကွယ်ရေး ၊ မုဆိုးလေးနှင့် ကျောင်းသားသမဂ္ဂ ရဲဘော်ပြောက်ကျားတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ပုလဲ #မုံရွာနမခ #လေကြောင်း #စစ်ကောင်စီ#တိုက်ခိုက်ခံရ #ထိခိုက် #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10