ပုလဲမှာ စစ်ကောင်စီဘက်က စခန်းမကျဖို့ ထိန်းထားရပြီး အလောင်းကောက်နေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာ ၁၅ ရက် ဒီမနက်ကစလို့ မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပြီး နောက်ဆုံးအခြေအနေရ စစ်ကောင်စီက တပ်စခန်းတွေမကျဖို့ ထိန်းထားပြီး အလောင်းကောက်နေရတယ်လို့ ကျားသစ်နက်တပ်မတော် Black Leopard Army ဆီက သိရပါတယ်။

ပုလဲမြို့ပေါ်ကို ဒီမနက် ၁၀ နာရီဝန်းကျင်လောက်က စတင်ကာ ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး ရဲစခန်းထဲက စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးကာ ထွေအုပ်ရုံးကတော့ ကတုတ်ကျင်းထဲကနေ ဆက်လက်ခုခံနေဆဲပဲလို့ ကျားသစ်နက်တပ်မတော် ဥက္ကဌ ကိုဥက္ကာက ပြောပါတယ်။

တိုက်ပွဲမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အင်အားများများနဲ့ မဆုတ်တမ်း ဇွဲကောင်းကောင်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့အဓိကနေရာတွေနဲ့ လမ်းတဘက်ခြားအကွာကနေ တိုက်ခိုက်နိုင်တဲ့အထိ ရောက်ရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

နေ့လယ်အချိန်ထိတော့ မြို့ပေါ်တိုက်ပွဲတွေဆီကို စစ်ကောင်စီတပ်ဖွဲ့တွေက ခြေလျင်စစ်ကြောင်းနဲ့ စစ်ကူရောက်လာပြီး တပ်စခန်းတွေ မကျဖို့ထိန်းသိမ်းခုခံကာ တော်လှန်ရေးအင်အားစုတွေပြန်အထွက်မှာတော့ အလောင်းကောက်နေပြီလို့ သိရပါတယ်။

တိုက်ခိုက်မှုကိုတော့ ကျားသစ်နက်တပ်မတော်က ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း MOD တပ်ရင်း၊ ပခုက္ကူခရိုင်အမှတ် ၁၅ တပ်ရင်း၊ အမှတ် ၁၄ တပ်ရင်း၊ ပခုက္ကူ အမှတ် ၁၇ တပ်ရင်း တပ်ခွဲ ၁ သိမ်းငှ က်နီတပ်ခွဲ၊ ယင်းမာပင်ခရိုင် တပ်ရင်း ၂၉၊ တပ်ရင်း ၂၇၊ ယင်းမာပင်တပ်မဟာစစ်ကြောင်းနဲ့ မြိုင်နဂါးနီ အဖွဲ့တို့ ပူးပေါင်းဆင်နွဲနေကြတာပါ။

ရှမ်းပြည်မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ပြီးနောက်ပိုင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအတွင်းမှာလည်း စစ်ရေးပြင်းထန်လာကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ တပ်စခန်း၊ ရဲစခန်းတွေကို သိမ်းပိုက်ထားပြီး ကောလင်းမြို့နဲ့ ပင်လည်ဘူးမြို့ကိုလည်း သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ 

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

 

 #ရုပ်သံသတင်း #မြေလတ်သတင်း #စစ်ကိုင်းတိုင်း #ပုလဲမြို့နယ် #ပကဖ #PDF #ရဲစခန်း #အုပ်ချုပ်ရေး #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10