ပုလဲမှာ လေယာဉ်ဗုံးကြဲခံရလို့ NUG တရားရေးတာဝန်ခံလင်မယား၊ ၁ နှစ်သားကလေးအပါ ၅ ဦးသေဆုံး

ပုလဲမှာ လေယာဉ်ဗုံးကြဲခံရလို့ NUG တရားရေးတာဝန်ခံလင်မယား၊ ၁ နှစ်သားကလေးအပါ ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုခဲ့တာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ - NUG ရဲ့ ပုလဲမြို့နယ်တရားရေးဌာနတာဝန်ခံအပါအဝင် ၅ ဦးသေဆုံးခဲ့တယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။

ဒီဇင်ဘာလ ၁၂ရက် ဒီကနေ့ မနက် ၁၁ နာရီကျော်မှာ  စစ်ကောင်စီလေတပ် ဗုံးကြဲလေယာဉ်တစီးက မင်းတိုင်ပင်ရွာရှိ တရားရေးတာဝန်ခံရဲ့နေအိမ်ကို ဗုံး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

"ဒါကရပ်ကွက်ထဲမှာ၊ ရွာထဲမှာဆိုတော့ အတိအကျနဲ့ ဗုံးလာကျဲသွားတာဆိုတော့ သတင်းပေးတွေကြောင့်လို့လည်း ကျနော်တို့ ယူဆနေရတာပေါ့နော်။ အဲ့ဒီအိမ်ကို ရောက်နေတဲ့ အရပ်သားမိသားစုပါသေတာ" လို့ ကျေးရွာပအဖအဖွဲ့ဝင်က ပြောပါတယ်။

ဗုံံးကြဲခံရမှုကြောင့် နေအိမ်အတွင်းရှိ အသက် ၃၅ နှစ်အရွယ် မြို့နယ်တရားရေးတာဝန်ခံ၊ ဇနီးဖြစ်သူ အသက် ၂၇ နှစ်အရွယ် ပညာရေးစေတနာ့ဝန်ထမ်း၊ နေအိမ်မှာရှိနေနဲ့ အသက် ၂၀ အရွယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးနဲ့ ဒေသခံပြည်သူမိသားစု ၃ ဦးမှ အသက် ၃၀အရွယ်မိခင်နဲ့ သားဖြစ်သူ ၁ နှစ် အရွယ်ကလေးငယ်တို့ သေဆုံးခဲ့ကာ ဖခင်ဖြစ်သူ အသက် ၃၀ ဝန်းကျင်အမျိုးသားကတော့ ပြင်းထန်ဒဏ်ရာတွေရရှိခဲ့တာလို့ သိရပါတယ်။

နေရာအတိအကျဗုံးကျဲတိုက်ခိုက်ခံရတာကြောင့်  နေအိမ်ပျက်စီးမှုလည်းရှိခဲ့သလို သေဆုံးသူတွေဟာလည်း ပြင်းထန်ဒဏ်ရာတွေနဲ့သေဆုံးခဲ့တာဖြစ်ပြီး လက်ရှိမှာ သေဆုံးရုပ်အလောင်းတွေကို ကောက်ယူသင်္ဂြိုဟ်နေပြီလို့လည်း သိရပါတယ်။

ပုလဲမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အခုလိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတာဖြစ်ပြီး မြို့နဲ့၃မိုင်ခန့်အကွာအနီးနားကျေးရွာတွေကိုတော့  ၇၀၈ တပ်နဲ့ပျူစောထီးပူးပေါင်းမြေပြင်စစ်ကြောင်းက စစ်ကြောင်းထိုးမွှေနှောက်နေတာရှိတယ်လို့သိရပါတယ်။

စာတည်း- ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ပုလဲ #မင်းတိုင်းပင် #လေကြောင်းတိုက်ခိုက်ခံရ #၅ ဦးသေဆုံး #ကလေးငယ် #NUG #တရားရေးတာဝန်ခံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10