ပုလဲ-မင်းတိုင်ပင်နယ်မှာ စစ်ကောင်စီတပ် ၂ ကြိမ် တိုက်ခိုက်ခံရပြီး သေဆုံးမှုများနိုင်

ပုလဲ-မင်းတိုင်ပင်နယ်မှာ စစ်ကောင်စီတပ် ၂ ကြိမ် တိုက်ခိုက်ခံရပြီး သေဆုံးမှုများနိုင်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းမှာ ဧပြီလ ၂ ရက် ဒီကနေ့နေ့လည်ပိုင်းမှာဘဲ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းတပ်တွေ ၂ ကြိမ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများတယ်လို့ ဒေသကာကွယ် ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
 
ပုလဲမြို့နယ်၊ ကြောင်ပန်းရွာဘက်ကထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ဇီးဖြူကုန်းရွာက ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းဟာ ငှက်ပျောတောရွာရှိ နေအိမ်တွေက ပစ္စည်းတွေ ယူ ဆောင်ပြီး၊ မင်းတိုင်ပင်ရွာကိုဝင်ရောက်စဉ် နေ့လယ် ၁၁ နာရီဝန်းကျင်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၉ Pale Joker PDF တာဝန်ခံဗိုလ်ပုလဲက မြေလတ်အသံကို ပြောပါတယ်။
 
“ငှက်ပျောတောရွာကနေ ပစ္စည်းတွေလုယူလာပြီး မင်းတိုင်ပင်ကိုဝင်တဲ့အချိန် မင်းတိုင်ပင်နားမှာ အသင့်ထောင်ထားတဲ့ ရှေ့ ထွက်မိုင်း ၈ လုံး နဲ့ ၂ ပွိုင့်ဆွဲတိုက်ခိုက်ခဲ့တာပါ။ ၅ ယောက်သေပြီး ဒဏ်ရာရတဲ့သူတွေ များတယ်” လို့ ပြောပါတယ်။
 
မိုင်းဆွဲခံရပြီးနောက် အဲ့ဒီစစ်ကြောင်းကိုပဲ နေ့လယ် ၁၂ နာရီခန့်မှာ မင်းတိုင်ပင်ရွာအနီးမှာဘဲ သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေက ထပ်မံတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဘက်က ၄ ဦးသေဆုံးတယ်လို့ သခင်ဒေါင်းညိုအဖွဲ့တာဝန်ခံက ပြောပါတယ်။
 
“အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး ကျနော်တို့ဘက်က အရင်ဦးအောင်ပစ်တာ။ ထိတွေ့မှုဖြစ်တဲ့အချိန်က နာရီဝက်လောက်ကြာတယ်။ ကျနော်တို့ဘက်က ၃ ယောက်ထိတယ်။ စစ်ကောင်စီဘက်က ၄ ယောက်သေတယ်။ ကျနော်တို့ပူးပေါင်းအဖွဲ့တွေထဲက သူတို့(စကစ)ဆီက သေနတ် ၂ လက် သိမ်းဆည်းရမိတယ်” လို့ ဆိုပါတယ်။
 
တိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်သားတွေဟာ မင်းတိုင်ပင်ရွာက နေအိမ်တွေကို မီးရှို့သွားခဲ့တယ်လို့ ဆိုပါတယ်။
 
ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နဲ့ ၂၇ ရက်တွေမှာလည်း ဇီးဖြူကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုနဲ့ ကန်ဒေါင့်ရွာကနေ ပတ်ကင်းထွက်လာတဲ့စစ်အုပ်စုကို Pale Joker PDF နဲ့ သခင်ဒေါင်းညိုပြောက် ကျားတပ်ဖွဲ့တို့က ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10