ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါးနှင့် အင်တာဗျူး

ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါးနှင့် အင်တာဗျူး

“ရဲရဲဝံ့ဝံ့နဲ့တိုက်ပွဲဝင်ကြပါ၊ တောင်ပေါ်မြေပြန့်တွေမခွဲနဲ့၊ ခရာတုတ်ပြိုင်တဲ့ပွဲမဟုတ်တဲ့အတွက်ကြောင့် ဘယ်ခရာသံမှနားစွင့်နေစရာမလိုဘူး”

တော်လှန်ရေးအရှိန်အဟုန်မြှင့်လာတာနဲ့အမျှ စစ်ကောင်စီဟာတိုက်ခိုက်နှိမ်နင်းမှုတွေကို မြေပြင်ကသာမကပဲ ဝေဟင်ကပါ ပြင်းပြင်းထန်ထန်ပြုလုပ်လာနေပါတယ်။ အဲဒီလိုတိုက်ခိုက်မှုကို ပြည်နယ်တွေမှာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာသာမကပဲ တိုင်းဒေသကြီးတွေမှာရှိတဲ့ PDF တပ်ဖွဲ့တွေကိုလည်း ပြုလုပ်လာနေတာဖြစ်ပါတယ်။ အဲဒီအခြေနေတွေနဲ့ပတ်သက်ပြီး Pala People's Defence Force PPDF မှ ဗိုလ်နဂါး ကို မြေလတ်အသံသတင်းဌာနက ဆက်သွယ်မေးမြန်းထားချက်များကို ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။

မေး- အခုရက်ထဲမှာ ဗိုလ်နဂါးတို့နယ်မြေကို စစ်ကောင်စီက လေယာဥ်နဲ့ပါ အင်အားသုံးတိုက်ခိုက်နေတဲ့ အခြေနေလေး ပြောပြပေးပါအုံး။

ဖြေ- စစ်ကောင်စီကလေယာဉ်နဲ့တိုက်တာဟာ တိုက်ပွဲသဘောတရားမဟုတ်ဖူးဗျ၊ ပြည်သူနဲ့ တွေ့ဆုံပွဲလေးလုပ်ဖို့ရာ အတွက်စောစောကစီစဉ်ကြတာရှိတယ်။ အဲဒါကိုကျနော်ကိုလည်းဖိတ်ထားတော့ ကျနော်လာမယ်ထင်ပြီးတော့ လေယာဉ်နဲ့လုပ်ကြတာလို့ရွာကလူတွေကပြောတယ်။ အဲဒီမှာကျနော်ကခရီးလွန်နေတဲ့အတွက် အစည်းအဝေးကိုမသွားနိုင်ခဲ့ဘူး၊ တစ်ခြားသူတွေတော့ သွားလာတာရှိကောင်းရှိမယ်၊ အဲဒီနေရာမှာ ကျနော်ရှိတယ်လို့သတင်းရလို့သူတို့က ရဟက်ယာဉ်သုံးပြီး‌တော့ အပစ်အခတ်တွေပြင်းပြင်းထန် လုပ်ခဲ့တယ်ကြားတယ်။ အဲဒီမှာပြည်သူတချို့သေတယ်၊ တချို့တွေအဖမ်းခံရတယ်၊ နေအိမ်တချို့အဆောက်အဦးတချို့မီးရှို့ဖျက်ဆီးခံရတယ် လို့ကြားသိရတယ်။

မေး- လက်နက်အင်အား ချင်းမမျှတဲ့ စစ်ကောင်စီကို PDF ခေါင်းဆောင်တယောက်အနေနဲ့ ဘယ်လို ပြင်ဆင်တိုက်ခိုက်နေလဲ (ပြောပြလို့ရတဲ့အခြေနေရှိရင် ပြောပြပေးပါလား)။

ဖြေ- လက်နက်ကိုင်တဲ့လမ်းစဉ်က ကျနော်တို့မှာအစကတဲ့ စနစ်တကျစီစဥ်ပြီး‌တော့ ရွေးချယ်ခဲ့တဲ့ လမ်းစဉ်မဟုတ်ဖူးဗျ၊ မလွှဲသာလို့ကောက်ခါငင်ခါထပြီး လုပ်ရတာဆိုတော့ တချို့ဟာတွေကလုပ်ရင်းနဲ့ ပဲပြင်ဆင်သွားရတာ၊ အဓိကတော့စိတ်ဓါတ်ကိုပြင်ဆင်ရတာပဲ၊ ကျန်တာလက်နက်ဆိုတာက လုပ်ရင်းကိုင်ရင်းနဲ့ဖြစ်သွားတာ၊ စိတ်ဓါတ်ကဘာလည်းဆိုတော့ ကျနော်တို့တိုင်းပြည်ကမရိုးသားတဲ့အတ္တဝါဒ အဓမ္မဝါဒ သမားတွေကြောင့်ဒီတိုင်းပြည်ဟာ အားလုံးဒုက္ခရောက်နေတယ်၊ အနာဂတ်မျိုးဆက်သစ်တွေ အပေါ်မှာ ကျနော်တို့ဟာတာဝန်မကျေတဲ့ မိဘတွေအဖြစ်နဲ့ဂုဏ်သိက္ခာမဲ့စွာရှင်သန်နေရမှာ၊ ရှင်လျက်နဲ့ဘဝသေရမဲ့ ဘဝမှာမနေတော့ဘူး၊ လူဟာလူသားပီပီပဲ ရဲရဲဝံ့ဝံ့နဲ့ရပ်တည်မယ်ဆိုပြီးတော့ ကျနော်တို့ဟာယဉ်ယဉ်ကျေးကျေး ဆန္ဒပြလို့မရတဲ့အဆုံး လက်နက်ကိုကိုင်ခဲ့ကြတာပဲ။

မေး- တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးရဲဘော် တွေ မှာ အခက်ခဲအများကြီးထဲကမှ ဘယ်လိုအရာတွေက ပိုခက်ခဲနေလဲ။

ဖြေ- အခက်အခဲကတော့တိုက်ပွဲဝင်တဲ့နေရာမှာ လက်နက်ကအဓိကကို အဲဒီလက်နက်က ရှိပြီးသားရဲဘော်တွေ အတွက်တောင်မပြည့်စုံဘူး၊ မပြည့်စုံတဲ့အခါကြတော့နောက်ရောက်လာတဲ့ အင်အားတွေအတွက် ကျနော်တို့မှာ တော်တော်လေးကြိုးစားရတာခက်တယ်၊ အဓိကကတော့လက်နက်ပါပဲ။

မေး- အခြား တပ်ဖွဲ့တွေနဲ့ ချိတ်ဆက်မှု ဘယ်နှစ်ဖွဲ့လောက် ရှိထားပြီလဲ။

ဖြေ- တော်လှန်ရေးအရှိန်အဟုန်မြှင့်ဖို့ အတွက်ဆိုရင် Eaoတွေကော AA လက်နက်ကိုင်ပေါင်းစုံနဲ့ချိတ်ဆက် ပြီးတော့ အရှိန်အဟုန်မြှင့်ရမှာကို အဲဒီတော့ကျနော်တို့ကအရင်တုန်းကမဟာမိတ်ပုံသဏ္ဍာန်နဲ့သွားခဲ့တာ၊ အဖွဲ့ပေါင်း ၁၀၀ ကျော်တယ်၊ အရမ်းကြီးမထိရောက်တဲ့အတွက် တသားထဲအဖွဲ့အစည်းဖြစ်ဖို့ MRD ကိုထူထောင်လိုက်တယ်၊ အခုဆိုရန်ကုန်မှာကော မန္တလေး အထက်ပိုင်း အောက်ပိုင်း အလယ်ပိုင်း မြို့ကြီးတွေကိုဆုံမှတ်ထားပြီးတော့ ကျန်တဲ့ဒေသဇုန်ကနေ အင်အားတော်တော်စုစည်းမိပါတယ်၊ အဲဒါအတွက်အင်အားတွေ ဖြည့်စည်းပြီးတော့ တက်နိုင်သမျှလှုပ်ရှားသွားမှာပါ၊

ဖြေ- လက်ရှိရင်ဆိုင်နေရတဲ့ တိုက်ပွဲအတွေ့ပြောပြပေးပါအုံး။

လက်ရှိတိုက်ပွဲအတွေ့အကြုံတွေကတော့ ရန်သူ့ဘက်ကတော့လက်နက်အင်အား လူအင်အား အပြည့်အစုံနဲ့လာကြတာကို ကျနော်တို့ဘက်ကတော့ ဒေသအတွင်းမှာရှိတဲ့ကိုယ်တိုင်လုပ်ထားတဲ့ လက်လုပ်တူမီးတို့ လက်လုပ်မိုင်းတို့နဲ့ ရင်ဆိုင်ကြရတာပေါ့၊ အဲဒီတော့ ကျနော်တို့ရဲ့တိုက်ပွဲ အတွေ့အကြုံကတော့ မိုင်းဆွဲတာတို့ ပြောက်ကျားတိုက်ခိုက်တာတို့များတယ်။ ရန်သူနဲ့ထိပ်တိုက်ရင်ဆိုင်တဲ့ တိုက်ပွဲတွေကြတော့ ပြောက်ကျားမိုင်းဆွဲတိုက်ခိုက် တာလောက်တော့မများဘူးပေါ့။ ဒါပေမဲ့ဒေသရဲ့အနေအထားအရကတော့ ဒီ D DAY မစခင်ကတဲ့ကစစ်ကြောင်းတွေနဲ့ ကျနော်တို့မြို့နယ်က ဝင်ပြီးတော့စစ်ကောင်စီဘက်ကပြင်းပြင်းထန်ထန် ထိုးနှက်တာတွေရှိနေတော့ မြေပြင်တိုက်ပွဲ အတွေ့အကြုံတွေက မလွှဲမရှောင်သာရင်ဆိုင်ရတာပဲ၊ အဲဒါနဲ့ပတ်သက်ပြီးတော့ လက်နက်အင်အားကြည့်ပြီး တော့ဒေသအနေအထားနဲ့ဘယ်လိုချဥ်းကပ်ရမလဲ ဘယ်လိုတိုက်ခိုက်ရမလဲ အတွေ့အကြုံတွေကတော့ ထိုက်သင့်အားလျှော်စွာရဲဘော်တွေမှာလည်းရှိနေကြပါပြီ။

မေး- လက်နက်ထုတ်လုပ်မှုအပိုင်းကရော ဘယ်လောက်ထိထုတ်လုပ်နိုင်ပြီလဲ။

ဖြေ- လက်နက်ထုတ်လုပ်မှုအပိုင်းကတော့ တာဝေးပစ်တို့ လက်လုပ်မိုင်းတို့ပစ္စည်းတွေပါပဲ၊ လက်လုပ်တတောင့်ထိုး ကျည်နဲ့ပစ်တဲ့ဟာတွေ၊ နောက်တော့ဒီမှာအတွဲလိုက်ပေါ့ အော်တိုစနစ်နဲ့လေးငါးရှစ်တောင့်ထည့်ပြီး ပစ်တဲ့လက်နက်တွေလည်း စမ်းသပ်ထုတ်လုပ်နေပါပြီ၊ save ဖြစ်ဖို့တော့ကြိုးစားနေဆဲပေါ့၊

မေး- တိုက်ပွဲတွေအတွင်းမှာ ပြည်သူတွေ ထိခိုက်ဆုံးရှုံးမှု ဘယ်လောက်ထိ ရှိနေပြီလဲ။

ဖြေ- မနေ့ကသေတာ လေးငါးယောက်လို့ပြောတယ်၊ ကျနော်ထင်တာကတော့ အဲဒီလောက်မကဘူးလို့ပြောချင်တယ်၊ ဒါကိုတော့အရေအတွက် အတိအကျအတည်မပြုနိုင်သေးဘူး၊ ကျနော်ကတော့အနောက်ဘက် မြေပြန့်တစ်နေရာမှာတည်ရှိနေတာ၊

မေး- အခြားတော်လှန်ရေး ရဲဘော်တွေကိုဘာများ ပြောချင်သေးလဲ။

ဖြေ- ရဲဘော်တွေကိုထပ်ဆင့်ပြီးတော့ပြောရမယ်ဆိုရင် နှစ်ရှည်လများစွဲနေတဲ့ အကြောက်တရားကို ဖယ်ထုတ်ကြပါ၊ ရဲရဲဝံ့ဝံ့နဲ့တိုက်ပွဲဝင်ကြပါ၊ တောင်ပေါ်မြေပြန့်တွေမခွဲနဲ့၊ ကျနော်တို့မြေပြန့်တွေမှာလည်း လက်တွေ့စစ်ပွဲတွေဆင်နွဲပြီးပြီ၊ အခုသူတို့လေယာဉ်တွေသုံးတိုက်နေတယ်ဆိုတာ တကယ်မြေပြင်မှာ လုပ်နေကြတာ၊ တကယ်လွင်ပြင်ကြီးတွေမှာကျနော်တို့တိုက်နေရတာ၊အဲဒီတော့အားလုံးက ဒီရန်သူကိုစိုးရွံ့ထိန့်လန့်တဲ့စိတ် တတ်နိုင်သမျှမြဲနိုင်သမျှ မြဲအောင်ကြိုးစားပြီးတော့ တိုင်းပြည်အတွက်လုပ်ကိုလုပ်မှ ရမဲ့အရေးမှာနှောင့်နှေးမနေကြပါနဲ့၊ ဒီပွဲဟာ ခရာတုတ်ပြိုင်တဲ့ပွဲမဟုတ်တဲ့အတွက်ကြောင့် ဘယ်ခရာသံမှနားစွန့်နေစရာမလိုဘူး၊ အဓိက ပန်းတိုင်ရောက်ဖို့ပဲဆိုတော့ ကြုံရာကနေဝင်ပြီးတော့ ဒီပွဲကိုပါဝင်ဆင်နွဲပေးကြပါလို့ ပြောချင်တယ်။

မေး- ဖြည့်စွတ်ပြောချင်တာဘာများရှိသေးလည်းခင်ဗျာ။

ဖြေ- ကျနော်တို့ပြောစရာတော့ တိုင်းပြည်ရဲ့အနေအထားကဒီမှာ ကျနော်တို့ပြည်သူတွေလုံးဝမလိုလားတဲ့ အနေအထားကြီးတခုကို ဆိုးဆိုးဝါးဝါးကြုံတွေ့နေရတာပေါ့၊ ဒီအနေအထားကရုန်းထွက်ကြဖို့ဆိုရင်တော့ ပြည်သူတွေအားလုံးက တက်ညီလက်ညီနဲ့ပါဝင်မှရမဲ့အနေအထားပေါ့၊ ကျနော်တို့ကမပြီးတာတော့ မဟုတ်ဖူး၊ ဒါကပြီးမှာပါ၊ မညီရင်ကြာမှာပေါ့၊ ကြာတာနဲ့အမျှမလိုလားအပ်တဲ့ စရိတ်တွေပိုပြီးတော့ ကုန်လာမယ်၊ ပြီးတော့လူတယောက်ချင်း နှစ်ယောက်ချင်းတိုက်နေမယ်၊ လူဆယ်ယောက်ရှိတဲ့ဟာကို ဆယ်ယောက်လုံးတပြုံထဲထွက်ခါတိုက်ရင်ပြီးမဲ့အရေးကို လုပ်ရမဲ့အလုပ်မှန်းသိနေပြီးတဲ့နောက်မှာ မလွှဲမရှောင်သာ ဒီဗွက်ကတော့ရုန်းကိုရုန်းရမယ်ဆိုတာ ပြည်သူတွေအားလုံးသိပြီးတော့ ညီညီညွတ်ညွတ်နဲ့တွန်းထုတ်ကြစေချင်တယ်။

မေး - ဟုတ်ကဲ့အခုလိုအချိန်ပေးဖြေကြားပေးတဲ့အတွက် မြေလတ်အသံသတင်းဌာနက ကျေးဇူးတင်ပါတယ်ခင်ဗျာ။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10