ပုလဲ၊ မြကုန်းရွာတိုက်ပွဲမှာ စိတ်ကျန်းမာရေးမကောင်းသူ လူငယ်တဦးနဲ့ PDF တဦးသေဆုံး

ပုလဲ၊ မြကုန်းရွာတိုက်ပွဲမှာ စိတ်ကျန်းမာရေးမကောင်းသူ လူငယ်တဦးနဲ့ PDF တဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ မြကုန်းကျေးရွာအနီး တိုက်ပွဲမှာ PDF နဲ့ ဒေသခံအချို့ သေဆုံးမှု ရှိခဲ့တယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဒီဇင်ဘာ ၁ ရက် မနက် ၁၀ နာရီခန့်မှာ ပုလဲမြို့ဘက်ကနေ အင်အား ၅၀ ကျော်နဲ့ ကင်းလှည့်ထွက်လာတဲ့စစ်ကောင်စီအဖွဲ့နဲ့ BNRA ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။

" မနေ့က စကစ ကင်းလှည့်အဖွဲ့နဲ့တိုးပြီး ပစ်ခတ်မှုဖြစ်တယ်လို့ သိရတယ်။ ဒီမနက် နယ်မြေရှင်းလင်းရေးလုပ်တော့ အလောင်း ၂ လောင်းတွေ့ရတယ်။ တယောက်က စိတ်သိပ်မမှန်တဲ့ ကလေးပါ။ သူ့ကိုလည်း ပစ်သတ်ပြီး PDF ဘောင်းဘီဝတ်ထားပေးတယ်။ စကစ အဖွဲ့ကတော့ မနေ့ကတည်းက ပြန်ထွက်သွားတာ" လို့ ပုလဲမြို့နယ် ပအဖ တာဝန်ခံ ကိုဇော်ထက်ကပြောပါတယ်။

နယ်မြေရှင်းလင်းရေးလုပ်ချိန် ကျေးရွာလမ်းပေါ်မှာ တိုက်ပွဲအတွင်းပစ်သတ်ခံထားရတဲ့ PDF ရဲဘော် ၁ ဦးနဲ့ ကျေးရွာထဲက အသက် ၁၆ နှစ်အရွယ် မောင်ထက်မြတ်ဇော်တို့ရဲ့ အလောင်းတွေကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီအဖွဲ့က မြကုန်းကျေးရွာထဲက နေအိမ် ၁၈ လုံးကို မီးရှို့ဖျက်ဆီးသွားသေးတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီထောက်ခံတယ်လီဂရမ်တွေမှာတော့ မြကုန်းရွာတိုက်ပွဲမှာ PDF အလောင်း ၄ လောင်း၊ လက်လုပ်စိန်ပြောင်း ၂ လက်၊ အမ် ၂၂ သေနတ် ၁ လက်၊ အမ်၂၂ ကျည်အိမ် ၂ ခု၊ အမ်၂၂ ကျည် ၄၀ တောင့်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၁၅ လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထာပါတယ်။

မြကုန်းကျေးရွာဟာ အိမ်ခြေ ၁၈၀ ကျော်ရှိပြီး လူဦးရေ ၇၀၀ နီးပါးနေထိုင်ကာ တိုက်ပွဲကြောင့် ရွာလုံးကျွတ်ထွက်ပြေးသွားရပြီး ဒီဇင်ဘာ ၂ ရက်မှာတော့ ရွာသားအနည်းငယ် ရွာထဲကို ပြန်လည်ဝင်ရောက် နေထိုင်နေပြီလို့ ဆိုပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ပုလဲ #မြကုန်းရွာ #တိုက်ပွဲ #စစ်ကောင်စီ #BNRA #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10