ပေါက်ခေါင်း၊ ပဲခူးရိုးဖြတ်လမ်းမှာ စစ်ကောင်စီတပ်ကား ၂ စီး ကြားဖြတ်တိုက်ခံရပြီး ၁ စီးချောက်ထဲကျလို့ စစ်သား ၁၁ ဦးသေဆုံးဟုဆို    ◼ အမြန်လမ်းပေါ်က စစ်ကောင်စီစခန်း ၂ ခုလည်း တိုက်ခိုက်ခံရ

ပေါက်ခေါင်း၊ ပဲခူးရိုးဖြတ်လမ်းမှာ စစ်ကောင်စီတပ်ကား ၂ စီး ကြားဖြတ်တိုက်ခံရပြီး ၁ စီးချောက်ထဲကျလို့ စစ်သား ၁၁ ဦးသေဆုံးဟုဆို ◼ အမြန်လမ်းပေါ်က စစ်ကောင်စီစခန်း ၂ ခုလည်း တိုက်ခိုက်ခံရ

 

ပဲခူးတိုင်း(အနောက်ခြမ်း)၊  ပေါက်ခေါင်းမြို့နယ်၊ ပေါက်ခေါင်း-အုတ်တွင်းအမြန်လမ်းပိုင်း( ပဲခူးရိုးဖြတ်လမ်း)မှာ စစ်ကောင်စီတပ်ကား ၂ စီးကို  ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းတိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲက မတ် ၂၇ ရက် မနေ့ကထုတ်ပြန်ပါတယ်။

မတ် ၂၅ ရက် ည ၁၀ နာရီ မိနစ် ၂၀ ခန့်က အဆိုပါလမ်းပိုင်းအတိုင်းမောင်းနှင်လာတဲ့ စစ်ကောင်စီတပ်ကား ၂ စီးကို ဘော်ဒါကျေးရွာနဲ့ ပေါ်လံကြီးကျေးရွာအကြားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့်အင်အား ၃၀ ခန့်ပါ စစ်ကောင်စီတပ်ကား ၁ စီးဟာ ကားလမ်းဘေး ချောက်ထဲကို ထိုးကျသွားခဲ့တယ်လို့ ဆိုပါတယ်။

" ရွှေတောင် ကုတင် ၁၀၀ ဆေးရုံမပို့ခင် တောင်လည်ဆေးရုံက ဆရာဝန်နှင့် အရေးပေါ် ဆေးကုသပြီး ဖောကား ၁ စီး၊ လိုက်ထရပ် ၁ စီးဖြင့် သေဆုံး/ဒဏ်ရာရလူနာများကို ရွှေတောင် ကုတင် ၁၀၀ စစ်ဆေးရုံသို့ တင်ဆောင်သွားကြောင်း သတင်းရရှိတယ်။"လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ ၂ ရဲ့ ပြန်ကြားရေးတာဝန်ခံ စောဒိုရှင်းက မြေလတ်အသံကို ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ကား ၂ စီးပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးကာ ၁၂ ဦးခန့် ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး သေဆုံး၊ဒဏ်ရာရသူတွေကို နောက်ထပ်ကားတွေနဲ့ ပြည်နဲ့ရွှေတောင်မြို့အကြားရှိ အမှတ် ၁၆ ကုတင် ၁၀၀ စစ်ဆေးရုံကို သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးမှုအခြေအနေအသေးစိတ်တွေကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ ၂၊ တိုင်းစစ်ဌာန(ပဲခူး)၊ ဗျူဟာ ၂၁ ၊ ပြည်ခရိုင်တပ်ရင်း ၃၆၀၂ ၊ တပ်ခွဲ ၃ တို့က ပူးပေါင်း ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ 

ဒါ့အပြင် မတ် ၂၆ ရက် မနက် ၁ နာရီ ၁၀ မိနစ်မှာလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ ၂ အတွင်းရှိ ရန်ကုန်-မန္တလေးအမြန်လမ်း ၁၂၇ မိုင်အနီး မင်းရဲ ရဲစခန်းနဲ့ ၁၂၄ မိုင်အနီး နတ်ရေတွင်းရဲစခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ ၂၊ တိုင်းစစ်ဌာန (ပဲခူး)၊ဗျူဟာ ၂၂ ၊ အမှတ် ၃၈၀၁ တပ်ရင်းနဲ့ အမှတ် ၃၇၀၁ တပ်ရင်းတွေက  တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းတိုင်းစစ်ဒေသအမှတ်၂ စစ်ဒေသခွဲရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါအမြန်လမ်းပေါ်ကစခန်းတွေ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးကာ ၄ ဦး အပြင်းအထန် ထိခိုက်‌ဒဏ်ရာတွေ ရ‌ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

#မြေလတ်အသံ

#ပေါက်ခေါင်း #ကြားဖြတ်တိုက်ခိုက် #အမှတ်၂စစ်ဒေသခွဲ #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10