ပေါက်နယ်က စစ်ရှောင် ၃,၀၀၀ ခန့် ရေရှားပါးမှုကြုံနေရပြီး ကလေးငယ်ရာနဲ့ချီမှာ ယားနာတွေဖြစ်နေ

ပေါက်နယ်က စစ်ရှောင် ၃,၀၀၀ ခန့် ရေရှားပါးမှုကြုံနေရပြီး ကလေးငယ်ရာနဲ့ချီမှာ ယားနာတွေဖြစ်နေ

 

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊  ပေါက်မြို့နယ်အတွင်းက စစ်ဘေးရှောင် ၃,၀၀၀ ခန့် ရေရှားမှုကြုံတွေ့နေရပြီး ကလေးငယ်အများစုမှာ အရေပြားရောဂါတွေဖြစ်ပွားနေတယ်လို့ ပေါက်မြို့နယ် လူသားစာနာတာဝန်ရှိသူတဦးထံက သိရပါတယ်။

ပေါက်မြို့နယ်တွင်း ကျေးရွာပေါင်း ၃၅ ရွာက နေရပ်စွန့်ခွာလာတဲ့ စစ်ဘေးရှောင် ၁၆,၀၀၀ ကျော်အနက် ကျေးရွာ ၇ ရွာက စစ်ရှောင် ၃,၀၀၀ ခန့်မှာ နွေရာသီကာလအစ ဖေဖော်ဝါရီလကုန်ပိုင်းကစတင်ကာ သောက်သုံးရေရှားပါးမှုကို ခံစားနေရတာလို့ ဆိုပါတယ်။

 

“ အခုအဓိကကြုံနေရတာက ၂၀၂၄ နှစ်ကုန်ဝန်းကျင်မှ စရှောင်လာတဲ့စစ်ရှောင်တွေက အရင်ကြုံတွေ့နေရတာပါ။ ရေရှည်စစ်ရှောင်တွေကတော့ လောလောဆယ်လုံလောက်နေပေမယ့် လာမယ့်လတွေမှာတော့သူတို့အနေနဲ့လည်း ရှားပါးလာနိုင်တဲ့အနေအထားတွေရှိတယ်။”လို့ ပေါက်မြို့နယ်လူသားစာနာတာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။ 

ချိုးရေအဖြစ် အသုံးပြုနေတဲ့ချောင်းတွေမှာ ရေနည်းပါးပြီး ရေစီးအားနည်းလာတာကြောင့် ရေမသန့်ရှင်းမှုတွေဖြစ်ပေါ်ကာ  စစ်ရှောင်ကလေး ၁၀၀ ခန့်နဲ့ လူကြီးတချို့မှာ ယားနာနဲ့အရေပြားရောဂါတွေ ဖြစ်ပွားနေတာလို့ ဆိုပါတယ်။

“ ရေကတော့စီးနေပေမယ့် စီးတာက ရေစီးမသန်ဘူး။ တဖြည်းဖြည်းချင်းကျတဲ့ရေတွေမှာပဲ သုံးနေ၊ ချိုးနေရပြီး လူဦးရေကများတော့ အပေါ်ကချိုးတဲ့ရေကိုအောက်မှာပြန်ချိုး၊ ဒါမျိုးတွေပြန်သုံးရတဲ့အခါမျိုးမှာ အရေပြားပြဿနာတွေ ခံစားလာရတာပေါ့။” လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ပေါက်မြို့နယ်ကျန်းမာရေးတာဝန်ရှိသူတဦးကလည်း စစ်ရှောင်တွေမှာ ယားနာနဲ့အရေပြားရောဂါတွေ အစုလိုက်ဖြစ်ပွားနေမှုဟာ မသန့်ရှင်းတဲ့ရေတွေကို ရေချိုးတာအပါအဝင် အသုံးပြုနေရတာကြောင့် အဓိကဖြစ်ပွားတာဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။

  သောက်သုံးရေအနေနဲ့ လက်ရှိမှာ မြို့နယ်လူသားစာနာအဖွဲ့ က ရေတွင်း ၂ တွင်းတူးပေးထားပြီး လူဦးရေများပြားတာကြောင့် တန်းစီစောင့်ဆိုင်း အသုံးပြုနေရကာ ရေတွင်း ၇ တွင်းခန့် တူးဖော်ပေးနိုင်မှ စစ်ရှောင်တွေအတွက် လုံလောက်မှုရှိနိုင်မယ် လို့ ဆိုပါတယ်။

“ ရေတွင်းတူးလို့အဆင်ပြေနိုင်ပေမယ့် အလှူရှင်မရှိသလောက်ဖြစ်နေတော့ ငွေကြေးမလုံလောက်လို့ မတူးပေးနိုင်သေးဘူး။” လို့ ၎င်းက ပြောပါတယ်။

ယခင်နှစ်တွေမှာ စစ်ရှောင်တွေအနေနဲ့ နွေရာသီကာလနောက်ပိုင်းမှသာ ရေရှားပါးမှုကိုကြုံတွေ့ရပြီး အလှူရှင်တွေရဲ့ကူညီထောက်ပံ့မှုကြောင့် ရေရှားပါးမှုကိုဖြေရှင်းနိုင်ခဲ့ပေမယ့် ယခုနှစ်မှာစစ်ရှောင်လူဦးရေတိုးမြင့်လာသလို အလှူရှင်နည်းပါးလာတဲ့အတွက် နွေရာသီအစပိုင်းကတည်းက ရေးရှားပါးမှုကို ခံစားနေကြရတာဖြစ်ကာ နွေရာသီနောက်ပိုင်းကာလတွေမှာ ပိုမိုဆိုးရွားလာနိုင်တယ်လို့ သိရပါတယ်။

ပေါက်မြို့နယ်ဟာ စစ်ကောင်စီကိုတော်လှန်မှုအားကောင်းတဲ့မြို့နယ်ဖြစ်ပြီး မြို့အခြေစိုက် ကပစ ၂၄ တပ်နဲ့ ပျူစောထီးအားကောင်းတဲ့ရွာတွေမှာ အထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းတွေက ကျေးရွာတွေကို မကြာခဏစစ်ကြောင်းထိုးဖမ်းဆီးသတ်ဖြတ်တာ၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ကျေးရွာပေါင်း ၃၅ ရွာခန့်က လူ ၁၆,၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေရတာလည်း ဖြစ်ပါတယ်။

သတင်း - ဟယ်သာ၊ စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပေါက် #စစ်ရှောင် #ရေရှားပါး #ယားနာ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10