ပေါက်နယ်က ရွာ ၂ ရွာ လေကြောင်းဗုံးကြဲခံရလို့ သံဃာ ၁ ပါးဒဏ်ရာရပြီး ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေပျက်စီး

ပေါက်နယ်က ရွာ ၂ ရွာ လေကြောင်းဗုံးကြဲခံရလို့ သံဃာ ၁ ပါးဒဏ်ရာရပြီး ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေပျက်စီး

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဘုရားတောင်ကျေးရွာနဲ့ နဂါးဗွက်ရွာတွေမှာ စစ်တပ်ကလေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာတပါးဒဏ်ရာရပြီး ဘုန်းကြီးကျောင်းနဲ့နေအိမ်တွေပျက်စီးခဲ့တယ်လို့ ပေါက်မြို့နယ်ပကဖထံက သိရပါတယ်။

စက်တင်ဘာ ၂၆ ရက် မနေ့ညနေ ၆ နာရီခန့်မှာ စစ်ကောင်စီလေတပ် တိုက်လေယာဉ် ၁ စီးက ဗုံး ၄ လုံး ကြဲချ တိုက်ခိုက်ခဲ့တဲ့အပြင် စက်လတ်တွေနဲ့လည်း ပစ်ခတ်သွားခဲ့တာလို့ ဆိုပါတယ်။

" တိုက်ပွဲပြီးချိန်လောက်မှာ လေယာဥ်ကလာပြီး ဗုံးကြဲတာ။ ၅ ခါလောက်ပတ်ပျံပြီး ၄ ကြိမ်ဗုံးကြဲသွားတာ။ ဗုံးက ဘုရားတောင်ရွာထဲကို ကျတာလည်းရှိတယ်။ တိုက်ပွဲဖြစ်ချိန်မှာလည်း စကစဘက်က လက်နက်ကြီးတွေနဲ့ပစ်တာရှိတယ်။"လို့ ပေါက်မြို့နယ်ပကဖပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

ဘုရားတောင်ကျေးရွာတောင်ဘက်ရှိ ကုန်းပေါ်မှာတပ်စွဲထားတဲ့ အင်အား ၂၅ ဦးခန့် စစ်ကောင်စီအဖွဲ့ကို တော်လှန်ရေးအဖွဲ့တွေဘက်က ယမန်နေ့ညနေ ၅ နာရီလောက်မှာ  သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်မှာ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်သွားတာလို့ ဆိုပါတယ်။

ဘုရားတောင်ကျေးရွာထဲ ဗုံးကြဲခံရမှုမှာ  ဘုန်းကြီးကျောင်းဝန်းနဲ့ အနီးအနားနေအိမ်တွေအနီးကို ကျ ရောက်ပေါက်ကွဲတာကြောင့် သံဃာ ၁ ပါးထိခိုက်ဒဏ်ရာပြင်းထန်ရပြီး ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ အဆောက်အဦ ၂ လုံးနဲ့ ဒေသခံနေအိမ် ၄ လုံးခန့် ပျက်စီးသွားခဲ့တယ်လို့ အထက်ပါတာဝန်ခံက ဆိုပါတယ်။

နဂါးဗွက်ကျေးရွာထဲကိုချခံရတဲ့ဗုံးကတော့ ကျေးရွာအနီးကုန်းတခုပေါ်ကျရောက်လို့ လူနဲ့ နေအိမ်ပျက်စီး ထိခိုက်တာမျိုးမရှိဘဲ တိုက်ပွဲနဲ့ လေကြောင်းဗုံးကြဲတာကြောင့် ရွာခံအများစုက ဘေးလွတ်ရာကျေးရွာတွေကို တိမ်းရှောင်ထွက်ပြေးနေကြရပြီး ရွာထဲမှာကျန်နေသူအချို့လည်းရှိသေးတယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပေါက် #လေကြောင်းတိုက်ခိုက် #ဒဏ်ရာရ #အဆောက်အဦပျက်စီး #AirStike 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10