ပေါက်မြို့နယ်က စစ်ရှောင်တွေအတွက် NUG က စားနပ်ရိက္ခာနဲ့ ခြုံစောင်တွေ ထောက်ပံ့

ပေါက်မြို့နယ်က စစ်ရှောင်တွေအတွက် NUG က စားနပ်ရိက္ခာနဲ့ ခြုံစောင်တွေ ထောက်ပံ့

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ နေအိမ်မီးရှို့ခံရပြီး ကာလရှည်နေရပ်စွန့်ခွာနေရတဲ့ စစ်ရှောင်လူဦးရေ ၇၆၀ ကျော်အတွက် စားစရာရိက္ခာဆန်နဲ့ ခြုံစောင်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။ 

အထက်ပါထောက်ပံ့မှုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပေါက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ လူသားစာနာဌာနမှ နိုဝင်ဘာ ၂၆ ရက်က သွားရောက်ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။ 

စစ်ရှောင်ပြည်သူတွေဟာ ပေါက်မြို့နယ်အတွင်းရှိ တောင်ဘက်ရွာမှ အိမ်ထောင်အိမ်စု ၉၄ စု၊ ဇီးတောရွာမှ အိမ်ထောင်စု ၉၂ စု၊ စုစုပေါင်း အိမ်ထောင်စု ၁၈၆ စု အတွက် ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။ 

နိုဝင်ဘာ ၂၆ ရက်မှာ ခြုံစောင်တွေကို ကနဦးထောက်ပံ့ပေးခဲ့တာဖြစ်ပြီး စားနပ်ရိက္ခာဆန်ကို သယ်ယူပို့ဆောင်ရေး လမ်းကြောင်းခက်ခဲတာကြောင့် နိုဝင်ဘာ ၂၉ ရက်မှ သယ်ယူကာ ၂ အိမ်ထောင်စုကို ဆန် ၂၄ ပြည် ၁ အိတ် ဝေမျှပေးခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်ရှောင်ဦးရေ ၇၆၀ ကျော်အတွက် ထောက်ပံ့ခဲ့တဲ့စုစုပေါင်းတန်ဖိုးမှာ ငွေကျပ် ၇၁ သိန်းကျော်ဖိုး ထောက်ပံ့ပေးခဲ့တာဖြစ်ပြီး အဲဒီငွေကြေးတွေဟာ ဝန်ကြီးဌာနအပါအဝင် အလှူရှင်တွေရဲ့ လှူဒါန်းမှု၊ စိုးမိုးနယ်မြေတွေက ကောက်ခံရရှိထားတဲ့ အခွန်ငွေတွေနဲ့ ထောက်ပံ့ပေးခဲ့တာဖြစ်တယ်လို့ ပေါက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ လူသားစာနာဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ 

စစ်ရှောင်ကူညီစောင့်ရှောက်သူတွေအနေနဲ့ စစ်ရှောင်တွေနေထိုင်ရေးအတွက် လုပ်ဆောင်ပေးနိုင်ပေမယ့် စားနပ်ရိက္ခာအတွက် အခက်အခဲဖြစ်နေဆဲဖြစ်တယ်လို့ သူက ဆိုပါတယ်။ 

ပေါက်မြို့နယ် လူသားစာနာဌာနက မီးဘေးသင့်ကျေးရွာတွေ၊ ကာလရှည် စစ်ရှောင်တွေ၊ ကိုယ်လက်အင်္ဂါဆုံးရှုံးထားသူတွေကို လစဉ်ထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။

“ပေါက်မြို့နယ်မှာ ကပစ ၂၄ ရှိတယ်။ အဲ့နားက ကျေးရွာတွေက စစ်မှုထမ်းဥပဒေနဲ့ ပတ်သတ်ပြီးမှ ကပစ ၂၄ နားမှာ မနေရဲတော့ဘဲ ရွာလုံးကျွတ်ထွက်လာတာတွေ ရှိတယ်။” လို့ ပေါက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ လူသားစာနာဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ 

ပေါက်မြို့နယ်အတွင်းရှိ တောင်ဘက်ရွာကို ၂၀၂၂ ဧပြီ ၉ ရက်နဲ့ ဇီးတောရွာကို ၂၀၂၂ ဇူလိုင် ၁၇ ရက်မှာ စစ်ကောင်စီစစ်ကြောင်းတွေက မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ 

သတင်း - မြတ်သော်တာ၊ စာတည်း - JCG

#မြေလတ်အသံ

#မကွေးတိုင်း #ပေါက်မြို့ #မီးရှို့ #စစ်ရှောင် #ခြုံစောင် #NUG

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10