ပေါက်မြို့နယ်က ရွာတွေမှာ တပ်စွဲနေတဲ့ စစ်အုပ်စု ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းက ရွာ ၃ ရွာမှာ တပ်စွဲထားတဲ့ စစ်သား၊ ရဲနဲ့ ပျူတွေကို ဇူလိုင် ၂၆ ရက်ကနေ ၂၈ ရက်နေ့အထိ ၃ ရက်ဆက်တိုက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် အဖွဲ့ဆီက သိရပါတယ်။ 

ပေါက်မြို့နယ်အတွင်းက ယာကြီးပြင်ရွာမှာ တပ်စွဲထားတဲ့ စစ်သား၊ ရဲနဲ့ ပျူစောထီးတွေကို ဇူလိုင် ၂၆ ရက်မှာ ၁ ကြိမ် နဲ့ ပြင်ထောင်ပျူရွာမှာ  ဇူလိုင် ၂၇ ရက်က ၁  ကြိမ် ၊ ဇူလိုင် ၂၈ ရက် ကိုင်းလယ်ရဲစခန်းကို ၁ ကြိမ် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

"ကျနော်တို့ ပေါက်မြို့နယ်၊ ယာကြီးပြင်ပျူရွာကို ဒရုန်းနဲ့ ဗုံးသီး ၆၈ လုံးဖြုတ်ချတဲ့အပြင် ရှော့တိုက်ဒုံးနဲ့က ၁၈ လုံးပစ်တယ်။ ၂၇ ရက်က ပြင်ထောင်ပျူရွာကို ဗုံးသီး ၁၉ လုံးဖြုတ်ချပြီး ရှော့တိုက်ဒုံး ၁၈ လုံးပစ်တယ်။ ၂၈ ရက်က တပ်ကုန်း ရွာသစ်ရွာ ကိုင်းလယ်ရဲစခန်းကို ဗုံးသီး ၉၈ လုံးဖြုတ်ချတယ်။ ရှော့တိုက်ဒုံးက ၂၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်" လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်လက်ယာက ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်ခဲ့တဲ့နေရာတွေမှာ ပျူတွေ တပ်စွဲနေတာဖြစ်ပြီး ပေါက်မြို့ ရဲစခန်းက ရဲ၊ ပခုက္ကူတပ်မ ၁၀၁ က စစ်သားနဲ့ ခလရ ၂၅၃ ကစစ်သားတွေလည်း ပါဝင်တယ်လို့ သူကဆိုပါတယ်။

ထိခိုက်သေဆုံးမှုကတော့ စစ်သားနဲ့ ပျူစောထီး ၈ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ သူကဆက်ပြောပါတယ်။

ဒီဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ၊ မြိုင် ပကဖ တပ်ရင်း ၃၊ တပ်ခွဲ ၅ နှင့် ပေါက်ကျေးရွာကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ဟယ်ရီ

#မြေလတ်အသံ

#သတင်း #ရုပ်သံ #မကွေး #ပေါက် #စစ်ကောင်စီ #တိုက်ခိုက် #ဒရုန်း #ဗုံးကြဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10