ပေါက်မြို့နယ်၊ ပျူကျေးရွာ အတိုက်ခံရလို့ စစ်တပ်က လေကြောင်းနဲ့ ပစ်ကူပေးရ

ပေါက်မြို့နယ်၊ ပျူကျေးရွာ အတိုက်ခံရလို့ စစ်တပ်က လေကြောင်းနဲ့ ပစ်ကူပေးရ

မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးကျေးရွာတခုဖြစ်တဲ့ ရွာသစ်ကျေးရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်ပြီးနောက် ကျေးရွာအနီးတဝိုက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီး ပစ်ကူပေးခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ဇူလိုင် ၁၁ ရက် ဒီနေ့မနက်ပိုင်းမှာ ရွာသစ်ကျေးရွာကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မနက် ၅ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရွာသစ်ရွာဟာ စစ်တပ်က တစ်နှစ်ကျော်အကြာတပ်စွဲထားပြီး ရွာသစ်ရွာဘေးရှိ တပ်ကုန်းကျေးရွာမှ ပျူစောထီးတွေနဲ့ အင်အားပေါင်းထားတာကြောင့် စုစုပေါင်းအင်အား ၁၀၀ ကျော်ရှိကာ လက်နက်ခဲယမ်း အပြည့်အစုံရှိတဲ့ ကျေးရွာလို့ သိရပါတယ်။

"သတင်းကြိုပေါက်လို့လား မသိဘူး။ စစ်တပ်က အင်အားထပ်တိုးထားတယ်။ ကျနော်တို့ကလည်း ပြန်ဆုတ်ပြပြီး ဝင်တိုက်တယ်။ အထိအခိုက်တော့ မသိရသေးဘူး။ ကျနော်တို့ဘက်က ရဲဘော်နှစ်ယောက် ဒဏ်ရာရထားတယ်။ မစိုးရိမ်ရပါဘူး" လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ရဲဘော်တဦးက ပြောပါတယ်။

ဒီလိုတိုက်ခိုက်ခံရပြီးတဲ့နောက် မနက် ၈ နာရီလောက်မှာ စစ်တပ်က ရဟတ်ယာဥ်နဲ့ လာရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုဟာ ရွာသစ်ရွာအနီးက ချောင်းနားကျေးရွာနဲ့ အနီးနားက တောအုပ်တွေဘက်ကို တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ချောင်းနားရွာဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ ပျူစောထီးတွေက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရွာလုံးကျွတ် မီးရှို့ခံထားရပြီး ဒေသခံတွေမနေတော့တဲ့ ကျေးရွာဖြစ်တယ်လို့ သိရပါတယ်။

"လေကြောင်းတိုက်ခိုက်မှုမှာ ကျနော်တို့ရှိမယ်ထင်တဲ့နေရာတွေကို ပတ်ပစ်တယ်။ ထိခိုက်မှုတော့ ကျနော်တို့ဘက်မှာ မရှိပါဘူး" လို့ ကာကွယ်ရေးရဲဘော်တဦးက ပြောပါတယ်။

ပေါက်မြို့နယ်မှာ စစ်တပ်ထောက်ခံတဲ့ ပျူစောထီးကျေးရွာ အများအပြားရှိပြီး မကွေးတိုင်းထဲမှာ မကြာခဏ တိုက်ပွဲဖြစ်နေတဲ့ မြို့နယ်လည်း ဖြစ်ပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေး #ပေါက်မြို့နယ် #ပျူစောထီး #ရွာသစ်ကျေးရွာ #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #လေကြောင်း

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10