ပေါက်မြို့နယ်မှာ စစ်တပ်က ဒေသခံ ၆ ဦးကို ဖမ်းဆီးကာ ၂ ဦးကိုသတ်ထားခဲ့

ပေါက်မြို့နယ်မှာ စစ်တပ်က ဒေသခံ ၆ ဦးကို ဖမ်းဆီးကာ ၂ ဦးကိုသတ်ထားခဲ့

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ်က ဒေသခံပြည်သူ ၆ ဦးကို လမ်းပြခေါ်ဆောင်သွားပြီး ၂ ဦးကို သေနတ်နဲ့ပစ်သတ်ထားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၂၂ ရက်က ပေါက်မြို့နယ်အတွင်းကို စစ်ကြောင်းထိုး၀င်ရောက်လာတဲ့ စစ်ကောင်စီတပ်က တောထဲမှာတိမ်းရှောင်နေတဲ့ ဒေသခံပြည်သူ ၆ ဦးကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာလို့  ဒေသခံတွေက ပြောပါတယ်။

"ဖမ်းခေါ်ခံရတဲ့ ရွာသားတွေက ဘယ်ရွာတွေကဆိုတာ မသိရသေးဘူး။ သတ်ထားခဲ့တဲ့ ၂ ယောက်ကတော့ သိရပြီ။ သတ်ခံရတဲ့ ၂ ယောက်က သက်ကြီး ပိုင်းတွေ" လို့ ပေါက်ဒေသခံအမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

လမ်းပြအဖြစ်ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ဒေသခံပြည်သူ ၆ ဦး အနက်မှ သတ်ဖြတ်ခံရတဲ့ ၂ ဦးမှာ ရေခါး ကျေးရွာက ဦးကျောက်ရွှေနဲ့ မန်ကျည်းဂုဏ်ကျေးရွာက ဦးသန်းငွေတို့ဖြစ်ပြီး သူတို့ရဲ့ကျေးရွာအနီးမှာပဲ စစ်ကောင်စီက ပစ်သတ်ထားခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသူတွေရဲ့ မိသားစု၀င်တွေဟာ ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် ဒေသကာကွယ်ရေးတပ်ဖွဲ့ တွေကပဲ အလောင်း ၂ လောင်းကို မြေမြုပ်သင်္ဂြုဟ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ မြိုင်မြို့နယ်၊ အိုင်းမကျေးရွာက စစ်ကြောင်းထိုးပြီးထွက်လာတဲ့ စစ်ကြောင်း ၃ ကြောင်း ဖြစ်ပြီး အင်အား ၁၅၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိတွင် ပေါက်မြို့နယ်အတွင်းကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၁ ရက်ကတည်းက စစ်ကြောင်း ထိုး၀င်ရောက်နေတာကြောင့် ရေခါး၊ ဂဲပင်အင်း၊ ဓာတ်တော်၊ ၀န်တင်ရွာ၊ သရက်ကန်၊ မယ်အိုကုန်း၊ မကျည်းဂုဏ်၊ လက်ပံတို၊ မြသိန်းတန်၊ အိုင်းမ၊ ကံသစ်၊ တဲကြီး၊ မင်းကိုင်းရွာမှ ဒေသခံ တသောင်းကျော်မှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ပေါက်မြို့နယ် #စစ်ကောင်စီ #ဒေသခံပြည်သူ #လမ်းပြ #မြေလတ်သတင်း #အိုင်းမကျေးရွာ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10