ပေါက်မြို့နယ်မှာ ဗကသများအဖွဲ့ချုပ်ဦးဆောင်ပြီး ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ်အခမ်းနားကျင်းပ

ပေါက်မြို့နယ်မှာ ဗကသများအဖွဲ့ချုပ်ဦးဆောင်ပြီး ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ်အခမ်းနားကျင်းပ

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကျဆုံးခြင်း အောက်မေ့ဖွယ်အခမ်းအနားကို ဗကသများအဖွဲ့ချုပ်ဝင် ပေါက်မြို့နယ်ကျောင်းသားများသမဂ္ဂက ဦးဆောင်ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၂၆ရက်မှာ ကျရောက်ခဲ့တဲ့ ဆလိုင်းတင်မောင်ဦးကျဆုံးခြင်း ၄၇နှစ်ပြည့်ပွဲမှာ ရွာပေါင်းစုံက ကျောင်းသား အင်အား ၂၀၀ကျော်နဲ့ ကျင်းပခဲ့တာဖြစ်ပြီး အခြေခံပညာကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကျောင်းသားအများစု ပါဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“ကျောင်းသားလှုပ်ရှားမှုတွေကို နယ်ဘက်မှာ ပြန်ပြီး ပုံဖော်တာပေါ့။ လုံခြုံရေးကတော့ တော်တော်သတိထားရတယ်။ အဓိက လေကြောင်းရန်ပါပဲ။ လေကြောင်းရန်ကို သေချာထောက်လှမ်းရတာပေါ့။ ဒီပွဲလုပ်မယ်ဆိုပြီး ကြိုပြီး သတင်းလွှင့်တာမျိုး မလုပ်ဘူး။ ပွဲနားကပ်မှ ရုတ်ချည်းအသိပေးပြီး ကောက်လုပ်ခဲ့တာ”လို့ ဗကသများအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

အခမ်းအနားမှာ သမဂ္ဂအလံကိုအလေးပြုပြီး ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရဲဘော် ၂ယောက်နဲ့ ပေါက်မြို့နယ်ကျောင်းသားများသမဂ္ဂ အမှုဆောင် ၃ ယောက်က ကျောင်းသားလှုပ်ရှားမှု အတွေ့အကြုံတွေနဲ့ နယ်ဘက်မှာ ဆက်လက်လုပ်ဆောင်မှာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အသက် ၂၅ နှစ် အရွယ် ဆလိုင်းတင်မောင်ဦးဟာ ရန်ကုန်တက္ကသိုလ်ကျောင်းသားတဦးဖြစ်တဲ့အပြင် ချင်းတိုင်းရင်းသားလည်းဖြစ်ပြီး မဆလ(မြန်မာ့ဆိုရှယ်လစ်ပါတီ)ပါတီ အာဏာရှင်စနစ်ကိုဆန့်ကျင်ခဲ့သူဖြစ်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် ၁၉၇၆ ဇွန်လ ၂၆ ရက်မှာ အင်းစိန်ထောင်တွင်းမှာ ကြိုးပေးကွပ်မျက်ခံခဲ့ရတာဖြစ်ပါတယ်။

 

စာတည်း - လင်းဇေ

 

#မြေလတ်အသံ

#မကွေးတိုင်း #ပေါက်မြို့နယ် #ကျောင်းသားခေါင်းဆောင် #ဆလိုင်းတင်မောင်ဦး #ကျဆုံး #အောက်မေ့ဖွယ်

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10