ပေါက်မြို့နယ်မှ လုံခြုံရေးပေးရန်သွားတဲ့ယာဉ်တန်း လမ်းမှာမိုင်းဆွဲခံရပြီး ဖောကားတစ်စီး ပျက်စီးသွား (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူစောထီးတွေလိုက်ပါလာတဲ့ ဖောကားတစီးဟာ လုံခြုံရေးပေးဖို့သွားချိန် လမ်းတဝက်မှာ မိုင်းဆွဲခံရတာကြောင့် ပျက်စီးသွားတယ်လို့ အနောက်လွင်ပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ ကိုတေဇက ပြောပါတယ်။

ပခုက္ကူမြို့၊ တပ်မ ၁၀၁ ကနေ တပ်ရိက္ခာထုတ်ပြီး ပေါက်မြို့၊ ကပစ ၂၄ ကို သွားမယ့် ရိက္ခာကား ၁၂ စီးကို လုံခြုံရေးယူပေးဖို့ ပခုက္ကူမြို့ကိုသွားရောက်တဲ့ ကားဖြစ်ပြီး လမ်းတဝက်မှာ အခုလို တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။ 

အဲ့ဒီဖောကားပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့အင်အား ၃၀ ခန့်လိုက်ပါလာတာဖြစ်ပြီး ပခုက္ကူ-မင်းတပ် လမ်းပိုင်း ပခုက္ကူမြို့နယ်အစပ်မှာ ဇွန်လ ၁၅ ရက် နေ့လယ်ပိုင်းက ပေပါမိုင်းပဒေသာ ၅ လုံး၊ ၅ ဂါလံပုံး ပဒေသာ ၂ လုံး၊ ရှေ့ထွက်ပဒေသာ ၃ လုံး၊ စလစ်အိုး ပဒေသာ ၂ လုံးနဲ့ ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ကိုတေဇက ဆိုပါတယ်။ 

“ကားမှန်တွေကွဲပြီး ကားဘီးတွေပွင့်ထွက်တယ်။ ဆီကန်တွေလည်း စုတ်ပြတ်သွားပြီး ကားလည်း မီးလောင်သွားတယ်။ ဒီကားက မောင်းလို့မရ‌တော့ဘူး” လို့ သူကပြောပါတယ်။ 

မီးလောင်ပျက်စီးသွားတဲ့ဖောကားကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နောက်ထပ်ကားတစီးနဲ့ ရေပြာရွာဘက်ကို ပြန်ဆွဲသွားခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်သွားပြီးနောက် ဒေသကာကွယ်ရေးအဖွဲ့တွေက မိုင်းဖောက်ခွဲခဲ့တဲ့ နေရာကို နယ်မြေရှင်းလင်းတဲ့အခါ မော်တော်ယာဉ် ပျက်စီးအပိုင်းအစ၊ အရေးပေါ် ဆေးကုသမှုလုပ်ထားတဲ့အတွက် ဆေးထိုးအပ်၊ ပတ်တီးလိပ်၊ သွေးကွက်၊ ကျည်ဆံခွံစတာတွေ တွေ့ခဲ့ရသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမှာ ကိုယ်နဲ့မကွာယူဆောင်သွားလေ့ရှိတဲ့ အန္တရာယ်ကင်း အိတ်ဆောင်ကတ်ပြားတွေကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ 

ဒီတိုက်ခိုက်မှုကို ပေါက်နဲ့ ပခုက္ကူမြို့နယ်ရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သတင်းအချက်အလက် ပံ့ပိုးပေးခဲ့တာဖြစ်သလို ပေါက်မြို့ရှိ ဗိုလ်လရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းတွေကို ပံ့ပိုးကာ အနောက်လွင်ပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မစ်ရှင်ကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 


စာတည်း - လင်းဇေ

 

#မြေလတ်အသံ

#ပခုက္ကူ #တပ်မ၁၀၁ #ကပစ၂၄  #ပေါက်မြို့နယ် #အနောက်လွင်ပြင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #ဗိုလ်လရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10