ပေါက်မှာ စစ်ကောင်စီစစ်ကြောင်း ဒရုန်းနဲ့ဗုံးချခံရလို့ ၁ ဦးသေ ၁ ဦးဒဏ်ရာရ( ရုပ်/သံ)

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ မကျည်းဂုဏ်ကုန်းရွာ မြောက်ဘက်တောစပ်မှာ ရွာစဥ်လှည့်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ၁ ဦးသေ ၁ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

ဧပြီလ ၂၈ ရက် ညနေပိုင်းမှာ အင်အား ၁၃၀ ကျော်နဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ဒရုန်းသီးတွေဟာ စစ်ကြောင်းကြားထဲကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ Anonymous Special Task Force -Pauk တာဝန်ရှိသူ ရဲဘော် စင်္ကြာကပြောပါတယ်။


ဒရုန်းနဲ့ တိုက်ခိုက်ချိန် ဗုံးသီးတွေဟာစစ်ကြောင်းလမ်းကြောင်းထဲကျပြီး စစ်ကောင်စီတပ်သားတဦး ယောင်္ကျားအင်္ဂါပြတ်ကာ နေရာမှာတင်သေဆုံးပြီး နောက် ၁ ဦးက ပေါင်အစမှန်ဒဏ်ရာ ရသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအဖွဲ့ဟာ သေဆုံးသွားတဲ့ သူတို့ရဲ့ တပ်သားကို အနီးအနားက တဲတလုံးအတွင်းမှာ တခါတည်း မီးရှို့သွားတယ်လို့ သိရပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက်မှာ စစ်ကောင်စီအဖွဲ့ဟာ ပတ်ဝန်းကျင်ကို လက်နက်ငယ်တွေ ပစ်ခတ်မှုအနည်းငယ်လုပ်ပြီး ဖလံကိုင်းဘုန်းကြီးကျောင်းမှာ တပ်ပြန်စွဲနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းက ရွာစဥ်လှည့် စစ်ကြောင်းထိုးနေလို့ ညောင်စဉ်ရွာ၊ အိုင်းမ၊ မန်းကျည်းဂုဏ်ကုန်းရွာ အပါအဝင် ကျေးရွာအချို့က ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

တည်းဖြတ်- ဇို
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10