ပေါက်မှာ ရွာ ၄ ရွာက စစ်တပ်ကင်းစခန်း ၄ ခုကို တပြိုင်တည်းဝင်တိုက်    ■ ပျူစောထီး ၁ ဦးအရှင်ဖမ်းမိပြီး သေနတ် ၁ လက်ရရှိ

ပေါက်မှာ ရွာ ၄ ရွာက စစ်တပ်ကင်းစခန်း ၄ ခုကို တပြိုင်တည်းဝင်တိုက် ■ ပျူစောထီး ၁ ဦးအရှင်ဖမ်းမိပြီး သေနတ် ၁ လက်ရရှိ

 

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စွဲထားတဲ့ ကျေးရွာ ၄ ရွာက ကင်းစခန်း ၄ ခုကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တပြိုင်တည်းတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က အရှင်ဖမ်းမိသူတွေရှိသလို လက်နက် ၁ လက်လည်း သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

စက်တင်ဘာ ၅ ရက် မနေ့မနက် ၆ နာရီလောက်က ပေါက်မြို့နယ်တောင်ပိုင်းရှိ ထန်းတပင်နဲ့ ရှားတောရွာ၊ ပေါက်မြို့နယ်မြောက်ပိုင်းက ရွှေဘုံသာနဲ့ ဆပန်ရွာတို့က စစ်ကောင်စီ အထိုင်ကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ဆပန် ကင်းကုန်းကတော့ အကုန်လုံး ဝင်စီးနိုင်ခဲ့တယ်။ တအားကြီး ခံမပစ်လိုက်ဘူးဗျ ခဏပဲ။ နာရီဝက်ကျော်ကျော်လောက်မှာ ကျနော်တို့ ရလိုက်တယ်။ သူတို့ကတော့ ဆုတ်ပြေးသွားတာပေါ့။ ရွှေဘုံသာပွဲက ကင်းကုန်း တကုန်းကိုတော့ သိမ်းနိုင်ခဲ့တယ်။ အဲ့ကင်းကုန်းကမှ MA 2 ၁ လက်ရတာပေါ့။”လို့ ပေါက်ပကဖ အဖွဲ့ဝင်တဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း ရွှေဘုံသာရွာက စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကာ ပျူစောထီး ၁ ဦးကို အရှင်ဖမ်းမိခဲ့ပြီး MA 2 ၁ လက်၊ ကျည်အတောင့် ၂၀၊ ကျည်ဘောက် ၂ ခုနဲ့ ဖုန်း ၁ လုံးလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲက လက်နက်ကိုင် ပျူစောထီး ၄၀ ဝန်းကျင်နဲ့ စစ်သား ၁၂ ဦးရှိတဲ့ ရွှေဘုံသာကျေးရွာကို အဓိကထားတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး တိုက်ပွဲကြာချိန် ၅ နာရီလောက်အတွင်း စစ်တပ်ဘက်က ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ကာ ဗုံး ၄ လုံး ကြဲချခဲ့တယ်လို့ သိရပါတယ်။

ဆပန်ရွာဟာ ရွှေဘုံသာရွာနဲ့ မီတာ ၅၀၀ ဝန်းကျင်သာဝေးပြီး ထန်းတပင်နဲ့ ရှားတောကတော့ ၄ မိုင်ခန့် ကွာဝေးတယ်လို့ ဆိုပါတယ်။ 

လက်ရှိ ဆပန်ရွာမှာတော့ စစ်ကောင်စီတပ်တွေ ဆုတ်ခွာသွားကြပြီး ရွှေဘုံသာ၊ ထန်းတပင်နဲ့ ရှားတောမှာတော့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ရှိနေကြသေးတယ်လို့ ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုကို ပေါက်မြို့နယ် ပကဖ၊ ဒေသခံ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပခုက္ကူတပ်ရင်း တပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပေါက် #စစ်ကောင်စီ #ကင်းစခန်း #တိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10