ပေါင်းတည်မြို့နယ် PDF တွေ စစ်ကြောင်းထိုးရှင်းလင်းခံရတယ်ဆိုတဲ့ သတင်းအမှား (Fact Check)

ပေါင်းတည်မြို့နယ် PDF တွေ စစ်ကြောင်းထိုးရှင်းလင်းခံရတယ်ဆိုတဲ့ သတင်းအမှား (Fact Check)

ပေါင်းတည်မြို့နယ် PDF တွေကို စစ်ကောင်စီစစ်ကြောင်းက စစ်ကြောင်းထိုးရှင်းလင်းပြီး မီးရှို့ခဲ့တယ်ဆိုတဲ့ သတင်းအမှား ပျံ့နှံ့ခဲ့ပါတယ်။

“ပေါင်းတည်မြို့နယ်PDFများစစ်ကြောင်းထိုးရှင်းလင်းအကင်ခံလိုက်ရ ဩဂုတ်၂၅၊၂၀၂၄။ (မူရင်းရေးသားချက်အတိုင်း) “ ဟု ဆိုကာ ဓာတ်ပုံအတုတွေနဲ့တကွ  စစ်ကောင်စီထောက်ခံရေးသားနေတဲ့ Subscriber ၂၄,၀၀၀ ကျော်ရှိ Truth Media တယ်လီဂရမ်ချန်နယ်မှ ဩဂုတ် ၂၅ ရက် ည ၈ နာရီခန့်မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ဩဂုတ် ၂၆ ရက်ဒီကနေ့ညပိုင်းအထိ Views ၂၅,၀၀၀ ကျော်၊Reaction ၂၀၀ကျော် နဲ့ Comments ၂၁ ခုရှိခဲ့တာ ဖြစ်ပါတယ်။

သတင်းမှားဖော်ပြမှု မူရင်းကို အောက်ဖော်ပြပါ လင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 

https://archive.ph/7HsVF

ဒါ့အပြင် ၎င်းအကြောင်းအရာကိုပဲ Snow Queen အမည်ရှိ တယ်လီဂရမ်ချန်နယ် (https://archive.ph/XQIyo) မှာလည်း Truth Media မှ စတင်ဖြန့်ဝေပြီး ၅၀ မိနစ်အကြာမှာ ထပ်ဆင့်ပြန်လည်မျှဝေထားတာကို တွေ့ရပါတယ်။

အဆိုပါအကြောင်းအရာ လူမှုကွန်ယက်မှာပျံ့နှံ့နေမှုကို မြေလတ်အသံက ပြန်လည်စစ်ဆေးခဲ့ရာ အချက်အလက် မှားယွင်းနေပြီး သတင်းတု၊ သတင်းမှား ဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ရပါတယ်။

 

သတင်းမှားဖြစ်ကြောင်း စိစစ်ဖော်ပြချက်

Telegram မှာ ပျံ့နှံ့နေတဲ့ အဆိုပါအကြောင်းအရာနဲ့ပတ်သက်ပြီး အချက်အလက်အမှန် စစ်ဆေးနိုင်ဖို့ ပေါင်းတည် PDF ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရှာဖွေကြည့်ရှုခဲ့ရာ ပျံချီတက်ရွာကို မီးရှို့သွားတဲ့စစ်ကြောင်းကို ပေါင်းတည် PDF မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်စွဲနဲ့ ထုတ်ပြန်ထားတာကို တွေ့ရှိခဲ့ရပါတယ်။

ပေါင်းတည် PDF တပ်ရင်း ၃၆၀၁ ၏ ထုတ်ပြန်ချက် - ထုတ်ပြန်ချက်ကြည့်ရန်

ထုတ်ပြန်ချက်မှာ “၎င်း အကြမ်းဖက်စစ်ကြောင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၂၀-၈-၂၄ ရက်နေ့တွင် ပျံချီတက်ရွာအား မီးတင်ရှို့ရာ နေအိမ် (၂၁) လုံး၊ ကုန်ယာဉ်ကား (၁) စီး၊ နွား (၄) ကောင်နှင့် ဝက် (၉) ကောင်တို့ မီးလောင်ပြာကျဖျက်ဆီးခံခဲ့ရပါသည်။  (မူရင်းရေးသားချက်အတိုင်း) “ ဟု ဖော်ပြထားပါတယ်။

အဲ့ဒီနောက် ထုတ်ပြန်ချက်ပါ သတင်းဓါတ်ပုံ(မူရင်း)တွေကို ပေါင်းတည် PDF တပ်ရင်း ၃၆၀၁ တယ်လီဂရန်ချန်နယ်မှာ ဝင်ရောက်ကြည့်ရှုရာ မီးရှို့ခံထားရတာကြောင့် မီးလောင်သေဆုံးနေတဲ့ ဝက်တွေ၊ နေအိမ်တွေနဲ့ ကားမီးလောင်ပျက်စီးနေတဲ့ ဓါတ်ပုံတွေကို တွေ့ရှိခဲ့ရပါတယ်။ 

Truth Media မှာ ဖော်ပြထားတဲ့ “PDF အလောင်းတွေ”ဆိုတဲ့ ဓာတ်ပုံတွေဟာ ပေါင်းတည် PDF ရဲ့ ထုတ်ပြန်ချက်ပါ ပျံချီတက်ရွာ မီးရှို့ခံရမှုနဲ့အတူ မီးလောင်သေဆုံးနေတဲ့ဝက်တွေရဲ့ ဓာတ်ပုံတွေဖြစ်နေတာကို တွေ့ရှိရပါတယ်။

ပေါင်းတည် PDF တပ်ရင်း ၃၆၀၁ ၏ တယ်လီဂရမ်ထုတ်ပြန်ချက်ဓါတ်ပုံများအား ကြည့်ရှုရန် - ဓါတ်ပုံများကြည့်ရန်

ဒါ့အပြင် ဩဂုတ်လ ၂၅ ရက်နေ့ ပေါင်းတည်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုဖြစ်စဉ် ရှိ၊မရှိ လွတ်လပ်တဲ့သတင်းဌာနတွေရဲ့ဖော်ပြချက်ကို ရှာဖွေကြည့်ရှုခဲ့ရာ ပေါင်းတည်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာမရှိဘဲ လက်ပံတန်းမြို့နယ်အတွင်းမှာသာ တိုက်ပွဲဖြစ်ပွားခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။

လက်ပံတန်းတွင် စစ်ကြောင်းတိုက်ခိုက်ခံရပြီး ၂၀ ကျော်သေကြောင်း DVB မှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက် သတင်းဖော်ပြမှု - သတင်းကြည့်ရန်

ပဲခူးရိုးမတိုက်ပွဲမှာ စစ်သုံ့ပန်းဆယ်ဦး ဖမ်းမိကြောင်း RFA မှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက် သတင်းဖော်ပြမှု - သတင်းကြည့်ရန်

သတင်းအမှားဖြန့်ဝေနေတဲ့ Truth Media တယ်လီဂရမ်ချန်နယ် ကို စိစစ်ကြည့်ရာမှာ လူမျိုးရေး၊ ဘာသာရေး အမုန်းစကားများနဲ့ သတင်းမှားများကို အစဉ်တစိုက်ဖြန့်ဝေနေပြီး စစ်ကောင်စီတပ်ကို ထောက်ခံရေးသားနေတဲ့ Telegram Channel တခုဖြစ်ကာ Channel Username မှာ Snow Queen အဖြစ် တွေ့ရှိရပါတယ်။ Snow Queen အမည်ဟာလည်း စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တခုဖြစ်ပြီး သတင်းအမှားတွေဖြန့်ဝေလေ့ရှိတာကို ဒီလင့် (https://www.facebook.com/watch/?v=3096306550505576) ကနေတဆင့် ကြည့်ရှုနိုင်ပါတယ်။

ဒါ့အပြင် Truth Media ကသတင်းအမှား ဖော်ပြချက်အပေါ် မြေလတ်အသံက သတင်းအမှားဖြစ်ကြောင်းစိစစ်ထားတာကို အောက်ပါလင့်မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

(https://www.myaelattathan.org/articles/အမြင့်လမ်းမှာ_လက်နက်ကြီးထိမှန်သေဆုံးသူ၁၃ဦးဟာ_PDFတပ်ဖွဲ့ဝင်တွေဆိုတဲ့သတင်းအမှား)

 

Truth Media တယ်လီဂရမ် - https://archive.ph/Cqoqs

Snow Queen တယ်လီဂရမ် - https://archive.ph/XQIyo

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေဟာ နယ်မြေဒေသအလိုက် စစ်ရေးအရ အရေးနိမ့်မှုတွေကို ဖုံးကွယ်ပြီး စစ်ရေးအသာရရှိနေကြောင်း ၎င်းတို့ကို ထောက်ခံနေသူတွေနဲ့ စစ်တပ်အသိုင်းအဝိုင်းမှာ ဝါဒဖြန့်ဖော်ပြလေ့ရှိသလို တော်လှန်ရေးတပ်ဖွဲ့များ စစ်ရှုံးနိမ့်နေတဲ့သဘောမျိုး သတင်းတု၊ သတင်းမှားများ တင်ဆက်ပြီး လုပ်ကြံဖန်တီးကြလေ့ရှိပါတယ်။ 

အခုဖြစ်စဉ်မှာဆိုရင်လည်း စစ်ကောင်စီတပ်သားတွေရဲ့မီးရှို့ဖျက်ဆီးမှုကြောင့် လူနေအိမ်တွေအပါအဝင် နွား၊ ဝက်တွေနဲ့ ကားတွေပျက်စီးခဲ့ရတဲ့အပေါ် ဖုံးကွယ်ဖို့နဲ့ PDF တွေကို ချေမှုန်းနိုင်ခဲ့ကြောင်း ဝါဒဖြန့်လိုတဲ့အတွက် လုပ်ကြံဖန်တီးထားခြင်းသာ ဖြစ်ပါတယ်။ 

ဒါကြောင့် ဒီလိုသတင်းတွေကိုတွေ့ရင် အလွယ်တကူ မယုံကြည်သင့်ဘဲ အချက်အလက်အတည်ပြုပြီး ဖော်ပြတဲ့ လွတ်လပ်တဲ့သတင်းဌာနများရဲ့ သတင်းဖော်ပြချက်များနဲ့ နှိုင်းယှဉ်စဉ်းစားနိုင်ဖို့ အကြံပြုအပ်ပါတယ်။

#မြေလတ်အသံ

#Factcheck #သတင်းတုသတင်းမှား #အချက်အလက်စိစစ် #ပေါင်းတည် #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10