ပေါင်းတလည်မြို့ပေါ်မှာ အမျိုးသား ၄ ဦးဖမ်းဆီးခံရ

ပေါင်းတလည်မြို့ပေါ်မှာ အမျိုးသား ၄ ဦးဖမ်းဆီးခံရ

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့က အမျိုးသား ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဇန်နဝါရီ  ၂၁ ရက်မနက် ၈ နာရီကျော်မှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ပေါင်းတလည်မြို့ရှိ "ထွန်းသစ်စ" လက်ဖက်ရည်ဆိုင်ရှေ့လမ်းမအနီးမှာ လမ်းလျှောက်ထွက်လာတဲ့ အသက် ၂၀ နဲ့ ၃၀ အရွယ်ဝန်းကျင် အမျိုးသား ၄ ဦးကို လမ်းမပေါ်မှာ စစ်ကားနဲ့ရပ်စောင့်နေကြတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇ ဦးက ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

"မသင်္ကာဘူးလို့ဆိုပြီး ဖုန်းယူစစ်ပါတယ်။ ဖုန်းထဲမှာ VPN တွေရှိနေတယ်လို့ပြောသံကြားတယ်လို့ လက်ဖက်ရည်ဆိုင်ထဲက ပြည်သူတွေကပြောတာပါ။ နောက် လက်ထိပ်ခတ်ပြီး ကားပေါ်ခေါ်တင်သွားတယ်။ ပြည်ဘက်ကို မောင်းသွားတယ်လို့ သိရပါတယ်" လို့ Pyay Underground News - PUGN တာဝန်ခံ အမျိုးသားတဦးက ပြောပါတယ်။

အဖမ်းခံရသူ ၄ ဦးနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်နဲ့ သူတို့ကို ဘယ်နေရာကိုဖမ်းခေါ်သွားလဲ ဆိုတာကိုတော့ မသိရှိရသေးပါဘူး။ 

"ပေါင်းတလည်မြို့မှာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးလင်မယား အသတ်ခံရပြီးကတည်းက လုံခြုံရေးတင်းကျပ်ထားပြီး အဖမ်းအဆီးတွေရှိပါတယ်။ ဒီကိစ္စနဲ့ပက်သက်ပြီးဖမ်းဆီးခံရသူ ၁ ဒါဇင်လောက်ရှိနေပါပြီ" လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီ ၇ ရက်မှာ ပေါင်းတလည်မြို့နယ်၊ မြို့လှကျေးရွာအုပ်ချုပ်ရေးမှူး၊ ရေကြည်ကုန်းကျေးရွာ ရာအိမ်မှူးလင်မယားတို့ ၃ ဦး အသတ်ခံရပြီးနောက် အဲဒီနေ့ညပိုင်းမှာ ပေါင်းတလည်မြို့ပေါ်က အမျိုးသား ၅ ဦးဖမ်းဆီးခံလိုက်ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်မှာ ပေါင်းတလည်မြို့နယ်၊ ဗြူကုန်းအုပ်စု၊ မြို့လှစံပြကျေးရွာ အုပ်ချုပ်ရေးမှူး အောင်နိုင်ဦးနဲ့ အုပ်ဆွဲအုပ်စု၊ ရေကြည်ကုန်းရွာနေ ရာအိမ်မှူး ချက်ဖောင်း (ခ) ဇော်မင်းဦးနဲ့ မယားဖြစ်သူတို့ကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မတော်တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၃ ကပစ်ခတ်တဲ့အတွက် သေဆုံးသွားခဲ့တယ်လို့ အဲ့ဒီအဖွဲ့က ဇန်နဝါရီ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အဲ့ဒီဖြစ်စဥ်နဲ့ပဲပတ်သက်ပြီး ဇန်နဝါရီ ၈ ရက်မှာလည်း ရေကြည်ကုန်းရွာနေ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၁ ဦးတို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ အထက်ပါအမျိုးသားက ဆက်ပြောပါတယ်။

"အခင်းဖြစ်ချိန်မှာ ရွာမှာရှိမနေလို့ဆိုပြီး သံသယနဲ့ပါ။ ၂ လသားမိန်းကလေးငယ်နဲ့ အဖေ၊အမေ၊အဘွား တမိသားစုလုံး ဖမ်းထားပါတယ်။ အခုထိမလွတ်ကြသေးဘူးလို့ သိရတယ်"လို့ PUGN မှ အမျိုးသားကပြောပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅ ဇန်နဝါရီ ၂၁ ရက်အထိ အာဏာသိမ်းဖြစ်စဉ်နဲ့ ဆက်စပ်ပြီးဖမ်းဆီးခံရသူ ၂၈၃၀၄ ဦးရှိပြီး အဲ့ဒီထဲမှာ ၂၁၅၈၈ ဦးက ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း - AAPP က ထုတ်ပြန်ပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ပေါင်းတလည် #စစ်ကောင်စီ #ဖမ်းဆီး #အမျိုးသား 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10