သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ အောင်လံမြို့၊ မကျည်းကုန်းရပ်ကွက်၊ သဇင်လမ်းသွယ်မှာ စစ်မှုထမ်းပေါ်တာဆွဲခံရပြီး ပြန်ပြေးလာသူကို လာခေါ်တဲ့ ရဲတပ်ကြပ်ကြီးအပါအဝင် ၂ ဦး ဓားခုတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက်ညနေ ၅ နာရီခန့်မှာ အောင်လံမြို့မရဲစခန်းက အသက် ၅၃ နှစ်အရွယ် ရဲတပ်ကြပ်ကြီး ကျော်သူရနဲ့ အသက် ၅၀ အရွယ်ငထွန်းတို့ ၂ ဦးဟာ စစ်မှုထမ်းအတွက်ပေါ်တာဆွဲခံရပြီးနောက် ပြန်ပြေးလာသူ အသက် ၃၃ နှစ်အရွယ်အမျိုးသားကို သဇင်လမ်းသွယ်က နေအိမ်မှာ ပြန်လာခေါ်ချိန် အဆိုပါအမျိုးသားနဲ့ အကိုဖြစ်သူတို့က ဓါးနဲ့ခုတ်ခဲ့တာလို့ ဆိုပါတယ်။
"သူတို့က လက်နက်မပါဘူး။ အရင်ကတော့ ကိုင်ကြတယ်။ နှစ်ယောက်ထဲအေးရာအေးကြောင်း သွားတာ။ ဟိုကလည်း သူတို့အပူနဲ့သူတို့ရှိနေတာဆိုတော့ ထွက်ခုတ်လိုက်တာ နှစ်ယောက်စလုံး အပြတ်ပဲ။ နှစ်ယောက်စလုံးသေသွားတာ။"လို့ ဒေသခံတဦးကပြောပါတယ်။
ဓားနဲ့ခုတ်ခံရချိန် ၂ ဦးစလုံးထွက်ပြေးခဲ့ပြီး ရဲတပ်ကြပ်ကြီးကျော်သူရက နေအိမ်အနီးခရမ်းညွန့်စိုက်ခင်းထဲမှာလဲကျသေဆုံးကာ ငထွန်းကတော့ကိုင်းတောထဲမှာသေဆုံးသွားတယ်လို့ ဆိုပါတယ်။
ဓားနဲ့ခုတ်သူတွေရဲ့ မိသားစုမှာ ညီအကို ၄ ဦးနဲ့မိဘ ၂ ပါးရှိပြီး ၆ ဦးစလုံးနေအိမ်ကနေ တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
ဓားခုတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားတွေနဲ့ရဲအဖွဲ့ဟာ စစ်ဆေးမှုတွေလာလုပ်ပြီး အလောင်းတွေကိုသယ်သွားကာ ညပိုင်းမှာတော့ မကျည်းကုန်းရပ်ကွက်အတွင်း သေနတ်ပစ်ဖောက်တာနဲ့ လူရှာတာတွေလုပ်ခဲ့တယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။
ရဲတပ်ကြပ်ကြီးကျော်သူရဟာ မကျည်းကုန်းရပ်ကွက်နဲ့ သရက်တောရပ်ကွက်နယ်ထိန်းဖြစ်ပြီး ငထွန်းကတော့ ကျော်သူရနဲ့ပေါင်းပြီး ရဲသတင်းပေးလုပ်နေတဲ့ပျူစောထီးအဖွဲ့ဝင်ဖြစ်ကာ သူတို့အလောင်းတွေကိုတော့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ညနေ ၃ နာရီမှာ အောင်လံသုသာန်မှာ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #အောင်လံ #ရဲတပ်ကြပ် #ဓါးခုတ်ခံရ
Share Share Share