သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မိသားစုလိုက်အသက်ဘေးကနေ တိမ်းရှောင်ပုန်းအောင်းနေရတဲ့ အခုလိုအဖြစ်နဲ့မကြုံရခင်တုန်းက ဦးပေါ်ဦးဟာ တောင်သူလယ်လုပ် ဓားမ,ခုတ်ဘဝနဲ့ ရှင်သန်ခဲ့သူ။
နွေဦးတော်လှန်ရေးမှာ ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ဒုတိယခေါင်းဆောင်အဖြစ် သူ့သားပါဝင်ခဲ့တာက ဂုဏ်ယူစရာလား၊ ဒုက္ခပင်လယ်ဝေမယ့်အဖြစ်ရဲ့ နိဒါန်းလားဆိုတာ အစတုန်းက သူမသိခဲ့။
လူမမယ်မြေးနှစ်ဦးရှေ့မှာ သားဖြစ်သူတော်လှန်ရေးသမားကြီးကို သူ့အထက်က ခေါင်းဆောင်ဆိုသူနဲ့ လူတစ်စုက သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့နောက် သားအတွက်တရားမျှတမှုရှာပေးဖို့ ကြိုးစားမိရာက သူ့နဲ့မိသားစုဝင်တွေ ပကဖဘေးဒုက္ခသည်ဘဝကို ရောက်ခဲ့ရတာ လာမယ့်မေဆို နှစ်ပတ်လည်တော့မယ်။
မီးရှို့၊ ရွာဖျက်၊ လူသတ်နေတဲ့ စစ်ကောင်စီတပ်ကို ကြောက်လို့ စစ်ဘေးဒုက္ခသည်အဖြစ် အများသူငါနည်းတူ ဟိုအရင်ကတည်းက သူတို့တိမ်းရှောင်ဖူးခဲ့ပေမယ့် စစ်တပ်ပြန်ရင်အိမ်ပြန်ခဲ့ရတာချည်းပဲ။
အခုတော့ ပကဖဘေးဒုက္ခသည်အဖြစ်မှ ဇနီး၊ သားနဲ့သမီးနှစ်ဦးလက်ကို ဆွဲကာ ရွာစဉ်ပတ်ပြေးပုန်းအောင်းနေရတာလို့ အသက် ၆၅ နှစ်အရွယ် ဦးပေါ်ဦးက ပြောပြတယ်။
အသားညိုညို၊ မျက်ခုံးမျက်ဖန်ကောင်းပြီး စကားကို ခပ်လေးလေး ပြောတတ်တဲ့ ဦးပေါ်ဦးဟာ အညာကျေးလက်မှာ တွေ့မြင်နေကျ ကျေးလက်တောင်သူ ဦးကြီးတွေလိုပါပဲ။
“ပကဖကိုကြောက်လို့ ထွက်ပြေးနေရတာဟာ (သူတို့ဒေသမှာ) ကျွန်တော်တစ်ယောက်ပဲ ရှိမယ်နဲ့ တူပါတယ်။ သူများတွေ ကိုယ့်အဖြစ်ကို မေးတဲ့အခါ ပြန်ပြောပြရတာ လူကြားလို့မှ မကောင်းပါဘူး။ ဒါပေမဲ့ တကယ့်ကို ကြုံတွေ့နေရတာပါ” လို့ သူက ဖုန်းကတစ်ဆင့် ပြောပြတယ်။
အိမ်ခြေငါးရာခန့်ရှိပြီး လူနှစ်ထောင်ခန့်ရှိတဲ့ သူနေထိုင်ရာ သစ်ရာအိုက်ရွာဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲရင်းမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတာပါ။ ဒီပဲယင်းမြို့နဲ့ ဆိုင်ကယ်ခရီး တစ်နာရီကျော် အကွာအဝေးလောက်မှာရှိတဲ့ ဒီရွာမှာ နေထိုင်သူ အများစုက တောင်ယာလယ်လုပ် အသက်မွေးကြသူများတယ်လို့ ဆိုပါတယ်။
“တခါတလေ အိပ်လို့တောင်မပျော်တော့ပါဘူး။ အခုဆိုရင် ဝင်ငွေကလည်းမရှိ၊ အကြွေးတွေကလည်းတက်၊ ရွာကလည်း ပြန်လို့မရ။ သားသမီးတွေလည်း ပညာရေးထိခိုက်နေတဲ့အတွက်ကြောင့် ကျွန်တော်တို့ဘဝတွေဟာ ရှေ့လျှောက် ဘယ်လို လုပ်ရမှန်းတောင်မသိတော့ပါဘူး” လို့ သူက ညည်းတယ်။
ကြမ္မာငင်ည
ပြီးခဲ့တဲ့နှစ် ဧပြီ ၂၈ ရက်၊ ည ၉ နာရီကျော်လောက်မှာ သူ့သားနေထိုင်ရာ ရွာတောင်ပိုင်းဘက်က သေနတ်သံတွေ ဆူညံလာတော့ ရွာပြင်ယာတဲမှာ နေထိုင်တဲ့ ဦးပေါ်ဦး စိုးရိမ်မိတယ်။
ဒါပေမဲ့ ရွာပကဖအဖွဲ့က ည ၉ နာရီ ထိုးတာနဲ့ မီးငြိမ်းအမိန့်ကို ထုတ်ထားတဲ့အတွက် ရွာပြင်မှာအခြေချတဲ့ ဦးပေါ်ဦး ရွာတွင်းကိုဝင်ဖို့ အခွင့်မသာခဲ့။
မနက်ကျတော့ ရွာထဲက အသိတစ်ဦး သူ့ယာတဲဘက်ကို ရေးကြီးသုတ်ပျာရောက်လာခဲ့ပြီး ညကပစ်ခတ်မှုမှာ သူ့သားသေပြီဆိုတဲ့ သတင်းစကားပေးတော့ တုန်လှုပ်ခြောက်ခြားခဲ့ရတယ်လို့ ဦးပေါ်ဦးကဆိုတယ်။
“ကျွန်တော်တို့လည်း မနက် ၇ နာရီလောက်မှာ ရွာထဲကိုလိုက်သွားပါတယ်။ အဲဒီမှာ ကျွန်တော့်သားဟာ အိမ်နဲ့မလှမ်းမကမ်းမှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာတွေ့ရပါတယ်” လို့သူကပြန်ပြောပြတယ်။
ပြေငြိမ်းဦးလို့ခေါ်တဲ့ အသက် ၂၅ နှစ်အရွယ် သူ့သားက မွေးချင်းငါးယောက်ထဲမှာ တတိယမြောက်ပါ။ တက္ကသိုလ် ဒုတိယနှစ် ကျောင်းသားဖြစ်တဲ့သူဟာ စစ်တပ်အာဏာသိမ်းပြီးနောက် သူတို့ဒေသမှာ ပကဖတွေဖွဲ့တော့ ကျေးရွာဒုတိယတာဝန်ခံအဖြစ်နဲ့ ဒေသတွင်းကတခြားလူငယ်တွေလိုပဲ အာဏာရှင်တော်လှန်ရေးကို ဝင်ရောက်ဆင်နွှဲခဲ့တာဖြစ်ပါတယ်။ သူ့သားဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်မဟုတ်ဘဲ နွေဦးအရေးအခင်းဖြစ်မှ နိုင်ငံရေးနဲ့ ပတ်သက်လာသူလို့ ဦးပေါ်ဦးက ပြောပြတယ်။
အသတ်ခံရချိန်မှာနှစ်နှစ်နဲ့ လေးနှစ်အရွယ် သမီးနှစ်ဦးကျန်ရစ်ခဲ့တဲ့ သားဖြစ်သူရဲ့ နိုင်ငံရေးလှုပ်ရှားမှုမှာ ပစ်သတ်မခံရမီအထိ ဘာပြဿနာမှ မကြားမိဘူးလို့ သူကပြောပါတယ်။ ဒါပေမဲ့ ရွာပိုင်မြေကို တော်လှန်ရေးအကြောင်းပြ အကွက်ရိုက်ရောင်းစားနေတဲ့ ရွာပကဖခေါင်းဆောင်ရဲ့လုပ်ရပ်ကို သူ့သားဖြစ်သူဟာ ကန့်ကွက်ခဲ့ဖူးတာတော့ရှိခဲ့တယ်လို့ ဦးပေါ်ဦးကပြောပြတယ်။
တရားမျှတမှုအတွက် တိုက်ပွဲဝင်နေတယ်ဆိုတဲ့ သူ့ရဲ့သားဟာ တရားမဲ့ပြုကျင့်ခံရပြီး သေဆုံးရတာကိုမြင်တော့ သူ့ရင်ထဲမှာ မချိဖြစ်ရတယ်လို့လည်း သူကဆိုတယ်။
တိုက်ပွဲအတွင်းမှာအသက်ပေးရတယ်ဆိုရင်ဖြေသာပေမယ့်အခုလိုအုပ်စုဖွဲ့၊ တရားမဲ့လူသတ်မှုကိုတော့ သူလျစ်လျူရှုလို့မရတာကြောင့် အမှုမှန်ကိုဖော်ထုတ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောပြတယ်။
“ကျွန်တော်က မိန်းမကို ‘ဒီအလောင်းကို နင်တို့ အိမ်ထဲကိုသွင်းထားလိုက်တော့။ ငါက ဒီကိစ္စဘယ်လိုဖြစ်တာလဲ၊ အကျိုးအကြောင်းလည်း မသိရဘူး။ ဒီတော့ ရွာထဲကပကဖရုံးကိုသွားပြီး မေးမြန်းကြည့်လိုက်ဦးမယ်’ ဆိုပြီး ချက်ချင်းပဲ မနက်ပိုင်း အလွန်ဆုံး ခုနစ်နာရီခွဲပေါ့၊ အဲဒီအချိန်လောက် ကျွန်တော်ပကဖရုံးကိုသွားပါတယ်” လို့ သူလုပ်ကိုင်ခဲ့တာတွေကို ဦးပေါ်ဦးကပြောပြတယ်။
ဒီလိုနဲ့ရွာ ကျန်းမာရေးဆေးပေးခန်းမှာ ဖွင့်ထားတဲ့ ပကဖရုံးကို သူရောက်တော့ ရွာပကဖခေါင်းဆောင်နဲ့အတူ ရွာမှာ တစ်ခါမှမမြင်ဖူးတဲ့ လူတစ်စုထိုင်နေတာကို တွေ့လိုက်ရတယ်။ အဲဒီလူစုဟာ ၁၅ ဦးခန့်လောက် ရှိတယ်လို့ သူကခန့်မှန်းတယ်။ အဲဒီလူစုစီးနင်းလာပုံရတဲ့ လူမှုကူညီရေးအသင်းတံဆိပ်ကပ်ထားတဲ့ လိုက်ထရပ်တစ်စီးလည်း ရုံးဝင်းထဲမှာရပ်ထားတာကို တွေ့ရတယ်လို့ အဲဒီမနက်ကမြင်ကွင်းကို သူကပြောပြတယ်။
ဦးပေါ်ဦးက မျက်နှာစိမ်းဧည့်သည်တွေနဲ့ ထိုင်နေတဲ့ ရွာပကဖခေါင်းဆောင်ကို ညက သူ့သားသေရတဲ့အကြောင်း စတင်စုံစမ်းပါတယ်။ ဒါပေမဲ့ ရွာပကဖခေါင်းဆောင် ဦးဉာဏ်ထွန်းအောင်ဆိုသူက ဘာမှတုံ့ပြန်မပြောဘူးလို့ဆိုတယ်။
မျက်နှာစိမ်းဧည့်သည်တွေထဲကတစ်ဦးက ညကဖြစ်စဉ်မှာ သူတို့အဖွဲ့ ပါဝင်ပစ်ခတ်ကြောင်း၊ သူဟာ ဒီပဲယင်းမြို့နယ် ပကဖအဖွဲ့က တပ်ခွဲမှူးအဆင့်ရှိသူဖြစ်ပြီး မြို့နယ်ပကဖတာဝန်ခံက လွှတ်လို့ ဒီကိုလာရသူဖြစ်ကြောင်းနဲ့ ဒီရွာပကဖခေါင်းဆောင် ဦးဉာဏ်ထွန်းအောင်က ခေါ်ယူရှင်းလင်းခိုင်းလို့ ဒီကိစ္စကိုလာလုပ်ပေးရတာဖြစ်တယ်ဆိုပြီး သူ့ကိုရှင်းပြတယ်လို့ ဦးပေါ်ဦးက ပြန်ပြောပြတယ်။
ဖြစ်စဉ်ကို အဲဒီဧည့်သည်ရှင်းပြနေချိန်မှာ အသက် ၄၀ ဝန်းကျင်အရွယ် ရွာပကဖခေါင်းဆောင် ဦးဉာဏ်ထွန်းအောင်ဟာ အနားမှာထိုင်နေပေမယ့် ဘာတစ်ခွန်းမှဝင်ရောက်ပြောဆိုတာမရှိပါဘူး။ ဦးဉာဏ်ထွန်းအောင်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပကဖတွေဖွဲ့စည်းတဲ့အခါ ရွာပကဖခေါင်းဆောင်အဖြစ် ဦးဆောင်လာသူလို့ ဦးပေါ်ဦးက ပြောပါတယ်။
“ ‘ခင်ဗျားတို့ပစ်လိုက်လို့ အခု ကျွန်တော့်သားတော့သေပြီ။ ဒီကိစ္စမှာ တရားမျှတမှုရရှိရေးအတွက် ကျွန်တော်ကတော့ အထက် အဖွဲ့အစည်းအဆင့်ဆင့်ကို တိုင်ကြားမှာပဲ’ ကျွန်တော်က အဲဒီလိုပြောပါတယ်။ အဲဒီလိုပြောပြီး အဲဒီရုံးကနေ ကျွန်တော် ပြန်ထွက်လာခဲ့ပါတယ်” လို့ဦးပေါ်ဦးကပြန်ပြောပြတယ်။
ဦးပေါ်ဦးပြတဲ့ ဓါတ်ပုံတွေအရ သူ့ရဲ့သားဟာ ကျောဘက်နဲ့ရင်ညွှန့်မှာ ကျည်ဆန်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရတာဖြစ်ပါတယ်။
သူ့သားရဲ့ဇနီးမသဲဖြူပြောပြတာကတော့ အဲဒီည ၉ နာရီနဲ့ ၁၀ နာရီဝန်းကျင်မှာ ခြံဝိုင်းထဲကို သေနတ်ကိုင်ထားတဲ့လူတစ်စု ဝင်လာပြီး ‘ငပြေ၊ ငပြေ၊ ဆင်းခဲ့’ လို့သူ့အမျိုးသားကို ဝိုင်းခေါ်ကြတယ်လို့ဆိုတယ်။
‘ဘယ်သူတွေလဲ’ လို့ ပြေငြိမ်းဦးကပြန်မေးတဲ့အခါ ‘အောက်ရောက်ရင် မင်းသိလိမ့်မယ်’ လို့ထိုလူစုကပြန်အော်တယ်လို့ဆိုပါတယ်။
တစ်ရွာလုံး အိပ်နေချိန်လည်းဖြစ်၊ ဘယ်သူဘယ်ဝါတွေမှန်း ကွဲကွဲပြားပြား မမြင်ရတာမို့ မနက်မှ ရွာပကဖရုံးမှာတွေ့ကြမယ်လို့ ပြေငြိမ်းဦးက ပြန်ပြောတဲ့အခါ အဲဒီလူစုဘက်က ‘မင်းမဆင်းရင် တို့ကဝိုင်းပစ်မှာ’လို့ ပြောလည်းပြော၊ စတင်လည်း ပစ်ခတ်ကြတယ်လို့ မသဲဖြူက ဖြစ်စဉ်ကို ပြောပြတယ်။
အဲဒီအခါ ပြေငြိမ်းဦးဟာ အိမ်ရဲ့တောင်ဘက်အပေါက်ကနေ အမှောင်ထုထဲကို ဆင်းပြေးတဲ့အခါ ‘တောင်ပေါက်က ဆင်းပြီ၊ လိုက်လိုက်’ ဆိုတဲ့ အော်ဟစ်သံတွေ၊ သေနတ်သံတွေ ဆူညံထွက်လာခဲ့တယ်လို့ သူကပြောပြပါတယ်။ ဒီလို လိုက်လံပစ်ခတ်နေချိန်မှာ သူနဲ့ကလေးနှစ်ဦးကိုတော့ အဲဒီလူစုက သူတို့စီးလာတဲ့ကားပေါ်မှာ ဖမ်းခေါ်ထားပြီး သူ့ခင်ပွန်းကို သတ်ပြီးနောက်မှ ပြန်လွှတ်ပေးခဲ့တယ်လို့ ပြောပြပါတယ်။
ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်ခဲ့ရတဲ့ မသဲဖြူဟာ သစ်ရာအိုက်ရွာမှာ မနေရဲတော့လို့ သမီးလေးနှစ်ဦးကိုခေါ်ပြီး တခြားရွာ တစ်ရွာမှာ သွားရောက် တိမ်းရှောင်နေပါတယ်။
လက်လွတ် ခွက်ကျွတ် ပြေးရပြီ
ဦးပေါ်ဦးကတော့ ရွာပကဖရုံးကပြန်လာတဲ့အခါ သားဖြစ်သူသေဆုံးရတဲ့ဖြစ်စဉ်အတွက် အမှန်တရားကိုရှာဖွေဖို့ စတင်ကြိုးစားပါတယ်။ သားရဲ့အိမ်ကိုပြန်၊ နာရေးကိစ္စတွေ စီစဉ်ရင်းနဲ့ တစ်ဘက်ကတော့ အသတ်ခံရမှုကို အမှုဖွင့်တိုင်ကြားခဲ့တာပါ။
ဦးပေါ်ဦးတို့နေထိုင်ရာ ဒီပဲယင်းမြို့နယ်ရဲ့ ကျေးလက်ဒေသတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ အုပ်ချုပ်ရေးစနစ် လည်ပတ်နေပြီး မြို့ပေါ်မှာတော့ စစ်ကောင်စီအုပ်ချုပ်ရေးစနစ်နဲ့ လည်ပတ်တာပါ။ ဒီတော့ သူ့သားဖြစ်စဉ်ကို သူသိသမျှ NUG အုပ်ချုပ်ရေးဌာန အသီးသီးထံ သူက တိုင်ကြားတင်ပြခဲ့ပါတယ်။
“ဖြစ်ဖြစ်ချင်းမနက်မှာပဲ တိုင်လိုက်တဲ့အခါကျတော့ နေ့ခင်း ၁၁ နာရီ၊ ၁၂ နာရီလောက်မှာ ဒီပဲယင်းမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးတာဝန်ခံ ဦးကျော်ထက်အောင်နဲ့ ရင်း (၁၂) က လူတစ်ယောက်နဲ့ ရောက်လာပါတယ်။ အသုဘအိမ်ကို ရောက်လာတော့ ကျွန်တော်လည်း အတူရှိနေပါတယ်။ အဲဒီမှာ သူတို့ကိုကျွန်တော်က ဖြစ်စဉ်တွေကိုပြောပြတယ်။ အိမ်အပြင်ဘက်က ကျည်ခွံတွေကိုကောက်ပြီး သက်သေခံပစ္စည်းတွေ ပြတယ်” လို့ဦးပေါ်ဦးက ပြောတယ်။
သူ့သားကို သတ်တဲ့သူတွေဟာ အိမ်အတွင်းက ဗီရိုတွေကိုရိုက်ချိုး ဖျက်ဆီးခဲ့သလို သူ့သားသေနတ်၊ လက်ပ်တော့ ကွန်ပြူတာနဲ့ တယ်လီဖုန်းတွေကိုပါ ယူငင်သွားကြောင်း စုံစမ်းရေးဆင်းလာသူတွေကို သူကရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။ ကွင်းဆင်းလာသူတွေဟာ အခင်းဖြစ်ချိန်မှာ အတူရှိနေတဲ့ သူ့ချွေးမကိုပါ မေးမြန်းပြီးပြန်သွားကြတယ်လို့ ဦးပေါ်ဦးက ပြောပြတယ်။
ရက်လည်ဆွမ်းသွပ်တဲ့ မေလ ၄ ရက်မှာ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၊ ခရိုင်ပအဖနဲ့ ပကဖ၊ NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနတွေကို လိပ်မူပြီးတော့ တိုင်စာတွေရေးခဲ့တယ်လို့ ဦးပေါ်ဦးက ပြောပြပါတယ်။
ဒါအပြင် မေလ ၅ ရက် နေ့စွဲနဲ့ NUG က ဖွဲ့စည်းထားတဲ့ ဒီပဲယင်းမြို့နယ်၊ ပြည်သူ့ရဲတပ်ဖွဲ့၊ ရဲမှူးကြီး စိုးလင်းထက်ဆီလည်း သူက တိုင်စာပေးပို့ပါတယ်။ ရဲမှူးကြီးက သူ့သားအမှုကို လူသတ်မှု (ပ–၃/၃၀၂–၁၁၄) နဲ့ အမှုဖွင့်ပါတယ်လို့ ပြန်ပြောတယ်လို့ ဦးပေါ်ဦးက ဆိုပါတယ်။
ဒါပေမဲ့ စုံစမ်းစစ်ဆေးသူတွေကိုယ်တိုင် နေအိမ်အထိ ကွင်းဆင်းမေးမြန်းသွားပေမယ့် သူ့သားကိုသတ်ခဲ့သူရွာပကဖခေါင်းဆောင်ဟာ အသုဘပြီးချိန်အထိ ဖမ်းဆီးစစ်ဆေးတာမခံရဘဲ ရွာထဲမှာ နေမြဲတိုင်း နေထိုင်သွားလာနေတာ တွေ့ရတဲ့အခါ ကျန်ရစ်တဲ့ သူတို့မိသားစုဝင်တွေအတွက် အန္တရာယ်အငွေ့အသက်ကို စတင်ခံစားလာခဲ့ရပြီး စိတ်မလုံခြုံမှုတွေ ဖြစ်လာကြတယ်လို့ ဦးပေါ်ဦးက ပြောပါတယ်။
ဒီလိုပူပန်နေချိန်အတွင်းမှာပဲ ရွာပကဖခေါင်းဆောင်နဲ့ အသိုင်းအဝိုင်းဘက်ကနေ ခြိမ်းခြောက်ပြောဆိုမှုကို တချို့ရွာတွင်းမှာ လွှင့်လာတယ်လို့ သူကဆိုတယ်။
“ ‘သားအဖနှစ်ယောက်စလုံး သတ်ပစ်လိုက်ရရင် ကောင်းမယ်။ အစောကြီးကတည်းက ဒီဘိုးတော်ကိုပါ ရှင်းပစ်လိုက်ရမှာ’ ဒီလိုတွေ အသံလွှင့်ခြိမ်းခြောက်လာတာပေါ့။ ပြီးတော့ သူက လက်ရှိရွာရဲ့ လက်နက်ကိုင်ခေါင်းဆောင်ပဲ ဆက်ဖြစ်နေသေးတယ်လေ။ သူ့မှာက လက်နက်ရှိတယ်၊ အင်အားရှိတယ်ဆိုတော့ ကျွန်တော်တို့မိသားစုတွေလည်း ဆက်မနေရဲတော့ဘူးပေါ့” လို့ ဦးပေါ်ဦးက ပြောပြတယ်။
ဒီလိုနဲ့ မေ ၇ ရက်မှာပဲ မိသားစုဝင်တွေနဲ့အတူ ရွာကနေ “အိုးလွတ်ခွက်လွတ် ပြေးခဲ့ရတယ်”လို့ ဦးပေါ်ဦးက ပြောပြတယ်။ သူတို့မိသားစု၊ ချွေးမ မိသားစု၊ ရွာအတွင်းမှာနေထိုင်တဲ့ အကြီးဆုံးသမီး မိသားစုတွေပါ ထွက်ပြေးကြရတာလို့ ဦးပေါ်ဦးကပြောတယ်။
အထက်အမိန့်ရမှ ဖမ်းမယ်
မိသားစုဝင်တွေအားလုံး အခုလိုထွက်ပြေးခဲ့ရပေမယ့် သားဖြစ်သူအတွက် တရားမျှတမှုရှာဖွေတဲ့ အလုပ်ကိုတော့ ဦးပေါ်ဦး မရပ်တန့်ပါဘူး။ ဒေသတွင်းမှာ လှည့်ပတ်တိမ်းရှောင်ရင်း သူ့သားအမှု စုံစမ်းစစ်ဆေးမှုအခြေအနေတွေကို တာဝန်ရှိသူတွေထံ မေးမြန်းတာ၊ တိုင်စာပို့တာတွေ ဆက်လုပ်ပါတယ်။
သူ့သားသေပြီး နှစ်လလောက်အကြာမှာ ဒီပဲယင်းမြို့နယ်ရဲမှူးကြီးထံကို ဆက်သွယ်မေးမြန်းတဲ့အခါ ရဲဘော်အချင်းချင်းဖြစ်တဲ့ ကိစ္စမို့ ဌာနဆိုင်ရာအဆင့်ဆင့်နဲ့ MOD (အမျိုးသားညီညွတ်ရေးအစိုးရ–ကာကွယ်ရေးဝန်ကြီးဌာန) ကို တင်ထားတယ်လို့ ရဲမှူးကပြောကြောင်း ဦးပေါ်ဦးကပြောပြပါတယ်။
ဒီအခါ ပုဒ်မ–၃၀၂ နဲ့ ဖွင့်ထားတဲ့အမှုဖြစ်တဲ့အတွက် တရားခံကို အခုထိမဖမ်းသေးတာ ဘာကြောင့်လဲလို့ ရဲမှူးကို သူကပြန်မေးတဲ့အခါ အထက်ကအမိန့်မကျလို့ မဖမ်းသေးတာလို့ သူကိုပြောကြောင်း ဦးပေါ်ဦးကပြန်ပြောပြတယ်။
သူ့သားဖြစ်စဉ် စုံစမ်းစစ်ဆေးမှု တိုးတက်မှုအခြေအနေကို ထပ်ကာထပ်ကာ ရဲမှူးထံမေးမြန်းတဲ့အခါ နောက်ပိုင်းမှာ ဖုန်းအဆက်အသွယ်ပါ ဖြတ်တောက်ခံလိုက်ရပြီး အခုဆိုရင် နောက်ဆုံးအခြေအနေဘယ်လိုဖြစ်နေသလဲဆိုတာတောင် မသိရတော့ဘူးလို့ ဇန်နဝါရီ ၂၉ ရက်မှာ ဦးပေါ်ဦးက ပြောပါတယ်။
သူပေးတဲ့ ရဲမှူးကြီး စိုးလင်းထက် ဖုန်းနံပါတ်နဲ့ အခင်းဖြစ်တဲ့ နံနက်မှာ အိမ်အထိ ကွင်းဆင်းစစ်ဆေးခဲ့တဲ့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး တာဝန်ခံ ဦးကျော်ထက်အောင်တို့ထံကို မော်ကွန်းကဆက်သွယ်ကြည့်ရာမှာ ဒီဆောင်းပါး နောက်ဆုံးတည်းဖြတ်ချိန်အထိ အဆက်အသွယ်မရသေးပါဘူး။
“အခုဆိုရင် ကျွန်တော့်သားလေးသေတာကို ပြည်သူတစ်ယောက်အနေနဲ့ တရားမျှတမှုရရှိချင်တာပါ။ အမှုမှန်ပေါ်ပေါက်ရေးပါ။ အပြစ်ရှိတဲ့လူကို အပြစ်ပေးရမှာပါပဲ။ အခု ကျူးလွန်နေတဲ့အခြေအနေအရဆိုရင် အားလုံးဟာ တာဝန်ယူမှုမရှိသလို သက်ရောက်နေတယ်။ သေဆုံးသူကျွန်တော့်သားကတော့ လမ်းဘေးမှာသေနေတဲ့ ခွေးတစ်ကောင်လောက်တောင်မှ အလေးထားဆောင်ရွက်ခြင်း မခံရတဲ့ပုံစံမျိုးဖြစ်နေတဲ့အတွက်ကြောင့် အကူအညီတောင်းခံတာပါ” လို့ သူ့ဇာတ်လမ်းကို အများသူငါသိအောင်ဖော်ပြပေးဖို့ မော်ကွန်းကို ဦးပေါ်ဦးက ပြောပါတယ်။
သားဖြစ်သူလှုပ်ရှားနေတဲ့နိုင်ငံရေးကို ဂဃနဏ မသိပေမယ့် သူ့ရဲ့သားဟာ အပြစ်ကျူးလွန်မှုရှိခဲ့တယ်ဆိုရင်တောင်မှ ဥပဒေနဲ့အညီ စစ်ဆေးအရေးယူတာမျိုးလုပ်ဆောင်သင့်တယ်လို့ သူကပြောတယ်။ အခုတော့ တရားမဲ့လူသတ်ခဲ့တဲ့ သူတို့ရွာ ပကဖခေါင်းဆောင်ဟာ သူတို့ဒေသက ကျေးရွာ ၁၀ ရွာရဲ့ ခေါင်းဆောင်အဖြစ် ဆက်လက်ရပ်တည်နေသေးတဲ့အတွက် သူတို့မိသားစုအတွက် အန္တရာယ်ဟာလည်း အမြဲရှိနေတယ်လို့ ဦးပေါ်ဦးက ပြောပါတယ်။
သစ်ရာအိုက်ရွာအပါအဝင် ဦးပေါ်ဦးတို့နေထိုင်ရာ ဒီပဲယင်းအနောက်ခြမ်းဘက်မှာရှိတဲ့ ကျေးရွာ ၁၂ ရွာ ပါဝင်တဲ့ ဒေသကို နှော–၅ ဒေသလို့ ဒီပဲယင်းဒေသခံတွေက သိကြပါတယ်။ အဲဒီ ၁၂ ရွာထဲက ၁၀ ရွာမှာ ပကဖဖွဲ့ထားပြီး သူ့သားကိုသတ်ခဲ့တဲ့ ဦးဉာဏ်ထွန်းအောင်ဟာ နှော–၅ အုပ်စုရဲ့ ခေါင်းဆောင်လည်း ဖြစ်တယ်လို့ ဦးပေါ်ဦးက ပြောပြပါတယ်။
“သူ့ဘက်က အခုဆိုရင် ဘယ်လိုသတင်းတွေလွှင့်လာသလဲဆိုရင် ကျွန်တော်တို့ ရွာကနေထွက်ပြေးလာပြီး သုံးလလောက် ကြာတဲ့အခါမှာ ‘ပြေငြိမ်းဦး အဖေက သေနတ်သုံးလက်ခိုးပြီးတော့ ထွက်ပြေးသွားတာ’ ဆိုပြီး ကျေးရွာတွေထဲမှာ လျှောက်ပြီး ပြောနေတယ်လို့ ကြားရပါတယ်။ အမှန်တော့ ကျွန်တော့်ကို အမှုပြန်ဆင်နေတာပေါ့ဗျာ။ အဓိကကတော့ ကျွန်တော်တို့ ရွာပြန်လာရင် အဆင်သင့်ဖမ်းလို့ရအောင်လို့ အသံလွှင့်နေတာပေါ့ဗျာ” လို့ ဦးပေါ်ဦးက ပြောပြတယ်။
မမှန်သတင်းလွှင့်ပြီး သူ့ကိုမိအောင် အကွက်ဆင်နေပေမယ့် သူတို့မိသားစုလှည့်ပတ် ပုန်းအောင်းတိမ်းရှောင်နေတဲ့ ကျေးရွာတွေက ခေါင်းဆောင်တွေ၊ ကာကွယ်ရေးတာဝန်ခံတွေကို သူတို့ဖြစ်စဉ်ကို ရှင်းပြတဲ့အခါ ယုံကြည်ကြတဲ့အတွက် ကာကွယ်စောင့်ရှောက်ပေးကြတာကြောင့် အသက်နဲ့ ကိုယ်အိုးစားမကွဲသေးဘဲ ရပ်တည်နိုင်နေသေးတာလို့ ဦးပေါ်ဦးကပြောပါတယ်။
“ခြိမ်းခြောက်ရုံတင် မကပါဘူး၊ အခုဆိုရင် ကျွန်တော်တို့ရွာကို ပြန်လာရင် ကျွန်တော့်ကိုဖမ်းဦးမှာတဲ့။ ကျွန်တော်တို့ ဒီပဲယင်း အနောက်ခြမ်းဘက်ကိုများ ရောက်လာခဲ့ရင် မြေလှန်ရှာမယ်တို့၊ သတ်ပစ်မယ်တို့ ရွာမှာလည်းပြောနေတယ်လို့ ပြန်ကြားရပါတယ်။ ကျွန်တော်လည်း ကြောက်တော့ ရွာဘက်ကိုမသွားရဲတော့ဘူး။ သူတို့က လက်ရှိလက်နက်တွေနဲ့လေ” လို့ ဦးပေါ်ဦးကပြောပြတယ်။
ပကဖခေါင်းစဉ်အောက်ကလူသတ်ရင် အရေးမယူဘူးလား
လတ်တလောမှာ အတူတိမ်းရှောင်လာတဲ့ သားဖြစ်သူက ကျပန်းအလုပ်လုပ်၊ ဇနီးနဲ့ သမီးလေးနှစ်ဦးက ပေါင်းနုတ်၊ ပဲဆွတ်အလုပ်တွေလုပ်ပြီးရတဲ့ဝင်ငွေနဲ့ ဝမ်းရေးကို ဖြေရှင်းနေရတယ်လို့ ဦးပေါ်ဦးကပြောတယ်။
ဘုန်းကြီးကျောင်းနဲ့ မိတ်ဆွေတချို့ရဲ့ အိမ်တွေမှာ တစ်လှည့်စီခိုလှုံရင်း ဒီနှစ်အတွင်းမှာ သူတို့မိသားစုဘဝကို ရှင်သန်နေရတယ်လို့ ဦးပေါ်ဦးကပြောပြတယ်။
သူဟာသစ်ရာအိုက်မှာ တောင်ယာ ၁၀ ဧကလောက် ပိုင်ပြီး ပဲစင်းငုံတို့၊ မြေပဲတို့စိုက်ပျိုးရင်း ယခင်ကတော့ ချောင်ချောင်လည်လည်နေခဲ့တဲ့သူပါ။ ပကဖဘေးဒုက္ခသည်ဖြစ်ခဲ့တဲ့ နောက်ပိုင်း ခုနစ်တန်းနဲ့ ၁၀ တန်းအရွယ် သမီးနှစ်ဦးရဲ့ ပညာရေးလည်းထိခိုက်ရသလို ရွာပြန်ကပ်နိုင်မယ့် အနာဂတ်ဟာလည်း မရေမရာဖြစ်နေတယ်လို့ ပြောပါတယ်။
ဒီဇာတ်လမ်းကို ပြောပြတဲ့အတွက် သူတို့မိသားစုအပေါ်အန္တရာယ်တွေ ပိုတိုးလာမှာကို မစိုးရိမ်ဘူးလားလို့ မေးကြည့်တဲ့အခါ အသက်အန္တရာယ်ကို စိုးရိမ်ပေမယ့် တရားမဲ့ပြုကျင့်မှုတစ်ခုကို မဖော်ထုတ်ခဲ့ရင် ဆက်ကာဆက်ကာကျူးလွန်မှုတွေဖြစ်ပြီး သူတို့မိသားစုလို နစ်နာရသူတွေပိုများလာမှာ စိုးရိမ်တယ်လို့ ဦးပေါ်ဦးကပြောပါတယ်။
“ပကဖခေါင်းစဉ်အောက်က လူသတ်ရင် အရေးယူလို့မရဘူးလား၊ ဥပဒေကင်းလွတ်ခွင့်ပြုထားသလား၊ ဒါမှမဟုတ် လူကြီးတွေက မသိချင်ယောင်ဆောင်နေတာလား၊ တာဝန်ခံမှု၊ တာဝန်ယူမှု မရှိကြတော့ဘူးလား။ ခင်ဗျားတို့ပြောတဲ့ တရားမျှတမှု ဆိုတာဘာလဲ။ ကျွန်တော်တို့ ပြည်သူတွေဘက်မှာရော တရားမျှတမှုအခွင့်အရေး မရှိတော့ဘူးလား” လို့ သက်ဆိုင်သူတွေကို အခွင့်ရရင်မေးချင်ကြောင်းသူကပြောပါတယ်။
ဒီပြဿနာတွေ ဘယ်နေ့ပြေလည်ပြီး ဇာတိရွာကို ဘယ်အခါပြန်ရမယ်မှန်း မသိသေးပေမယ့် သားဖြစ်သူတရားမဲ့ပြုကျင့်ခံရမှုမှာ ကျုးလွန်သူတွေကို အပြစ်ပေးအရေးယူနိုင်စေဖို့ ရတဲ့နည်းလမ်းနဲ့ ဆက်လက်ကြိုးပမ်းနေဦးမယ်လို့ ဦးပေါ်ဦးကပြောပါတယ်။
“အခုကျွန်တော်တို့အဖြစ်က စစ်တပ်ကိုကြောက်လို့ ပြေးနေရတာမဟုတ်ဘူး။ ပကဖကို ကြောက်လို့ပြေးနေရတော့တာ”
အမျိုးအစား - ပုံရိပ်လွှာ
( ဤဆောင်းပါးသည် မော်ကွန်းမဂ္ဂဇင်း၏ ဆောင်းပါးဖြစ်သည်။ မော်ကွန်းမဂ္ဂဇင်းသည် မြန်မာနိုင်ငံ၌ ပထမဆုံးသော စုံစမ်းထောက်လှမ်းရေးသားသည့် သတင်းဌာနတခုဖြစ်သည်။ )