ပဲခူးက ဘုန်းကြီးကျောင်းတွေမှာ သံဃာစာရင်းကို စစ်ကောင်စီလိုက်ကောက်နေ

ပဲခူးက ဘုန်းကြီးကျောင်းတွေမှာ သံဃာစာရင်းကို စစ်ကောင်စီလိုက်ကောက်နေ

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းတွေက ကျောင်းနေသံဃာစာရင်းတွေကို စစ်ကောင်စီဘက်က ကောက်ယူနေတယ်လို့ ဘုန်းကြီးကျောင်းနဲ့နီးစပ်တဲ့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်ကစတင်ပြီး ထွေအုပ်၊ ရပ်ကျေးစာရေးနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေပါတဲ့ အဖွဲ့တွေက စာရင်းလိုက်ကောက်နေတာလို့ ဆိုပါတယ်။

"ကျနော့်အသိကျောင်းတိုက်တွေမှာ သံဃာဘယ်နှစ်ပါး။ ကိုရင်ဘယ်နှစ်ပါးဆိုပြီး စာရင်းကောက်သွားတယ်။ စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက်တရက်မှာပဲ လုပ်သွားတာ။” လို့ ဒေသခံတဦးက ပြောပါတယ်။

အခုလို စာရင်းကောက်ယူတာဟာ စစ်မှုမထမ်းမနေရဥပဒေထဲမှာ ဘုန်းကြီးဝတ်ထားသူတွေ စစ်မှုထမ်းခွင့်ထဲကနေ ကင်းလွတ်ခွင့်ရတယ်ဆိုတဲ့အချက်ပါနေတဲ့အတွက် စစ်မှုမထမ်းလိုသူတွေ ဘုန်းကြီးလာဝတ်မှာကြောင့် ကြိုတင်စာရင်းကောက်တာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်မှုမထမ်းမနေရဥပဒေမထုတ်ပြန်ခင် တပတ်လောက်ခန့်ကစတင်ပြီး ပဲခူးမြို့ပေါ်ရပ်ကွက်တွေမှာ စစ်ကောင်စီလက်အောက်အုပ်ချုပ်ရေးအဖွဲ့တွေက နေအိမ်တွေကို ဓာတ်ပုံရိုက်တာ၊ အိမ်ရှိလူဦးရေစာရင်းတောင်းယူတာ၊ အသက်အရွယ်မေးမြန်းတာတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။ 

စစ်ကောင်စီအတည်ပြုလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေမှာတော့ ရဟန်းသံဃာတွေ၊ အိမ်ထောင်ရှိ အမျိုးသမီးတွေနဲ့ ကလေးမိခင်တွေကို စစ်မှုထမ်းခွင့်ကနေ ကင်းလွတ်ခွင့်ရမှာဖြစ်တယ်လို့ သိရပြီး အသက်ပြည့်ပေမယ့် ကျောင်းတက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကတော့ စစ်မှုထမ်းခွင့်ကနေ ယာယီကင်းလွတ်ခွင့်ရမယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် သာမန်အရပ်သား အမျိုးသားဆိုရင် အသက် ၁၈ နှစ် ကနေ ၃၅ နှစ်အတွင်း၊ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ် ကနေ ၂၇ နှစ်အတွင်း နိုင်ငံသားတိုင်း ၂ နှစ်ကနေ အရေးပေါ်အခြေအနေ ၅ နှစ်အထိ စစ်မှုထမ်းရမှာလို့ ပြဌာန်းထားပါတယ်။ 

ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုတတ်မြောက်သူ ဒါမှမဟုတ် အခြားအတတ်ပညာတရပ်ရပ်နဲ့ အသက်မွေးနေသူ အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ အသက် ၄၅ နှစ်နဲ့ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ စစ်မှုထမ်းဖို့ အကျုံးဝင်တယ်လို့ သိရပါတယ်။

စစ်မှုထမ်းဖို့ ငြင်းဆန်သူတွေကတော့ ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်၊ ငွေဒဏ်အပြင် ပြစ်ဒဏ်စလုံးကိုလည်း ချမှတ်ခံရမှာဖြစ်တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ပဲခူးမြို့နယ် #ဘုန်းကြီးကျောင်း #စာရင်းကောက် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10