ပဲခူးက ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းတွေ ပိတ်သိမ်း

ပဲခူးက ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းတွေ ပိတ်သိမ်း

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ထဲမှာ ဖွင့်လှစ်ထားရတဲ့ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းအားလုံးကို ပိတ်သိမ်းလိုက်ပြီလို့ ဒေသခံလူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

အောက်တိုဘာလ ၁၅ ရက် ဒီမနက်ပိုင်းမှာ ပဲခူးမြစ်ရေပြန်ကျသွားပြီး ၇၉၀ စင်တီမီတာသာ ကျန်ရှိတော့တာကြောင့် ရေဘေးရှောင်ပြည်သူတွေ နေအိမ် ပြန်ကြပြီ ဖြစ်တဲ့အတွက် ကယ်ဆယ်ရေးစခန်းတွေ အကုန်ပိတ်သိမ်းလိုက်တာလို့ ဆိုပါတယ်။

"ပိတ်ခိုင်းတာကတော့ မနေ့ကတည်းကပါ။ အချိူ့စခန်းလေးတွေက လူကျန်နေသေးတော့ ဒီနေ့ အကုန်ပြန်ပြီဆိုတော့ ကယ်ဆယ်ရေးစခန်းတွေမှာ လူကုန်ပါပြီ"လို့ လူမှုကူညီရေး အသင်းဝင်တဦးက ပြောပါတယ်။

ရေပြန်ကျသွားလို့ စာသင်ကျောင်း၊ ဆေးရုံအပါအဝင် အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေမှာ တင်ကျန်ရစ်ခဲ့တဲ့ နုံးအနည်နှစ်တွေကို ဒေသလူမှုကူညီရေးအသင်းတွေ၊ မီးသတ်၊ ပြည်သူတွေ၊  စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ စစ်ကောင်စီတပ်သားတွေက ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ 

နေအိမ်တွေမှာ ရေဝင်ရောက်ပြီး တင်ကျန်ရစ်ခဲ့ နှုန်းတွေကိုတော့ ဒေသခံအိမ်ပိုင်ရှင်တွေက မိမိအစီအစဥ်နဲ့ ပြန်လည်ရှင်းလင်းပြုပြင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

ပဲခူးမြစ်ရေဟာ အောက်တိုဘာလ ၇ ရက်နေ့ညပိုင်းကနေ အောက်တိုဘာလ ၁၃ ရက်နေ့ထိ တပတ်တာ ရေကြီးခဲ့လို့ ဒေသခံ ၇၀၀၀၀ ကျော်ရေဘေးသင့်ခဲ့လို့ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း ၂၂ ခုထိဖွင့်လှစ်ခဲ့ရတယ်လို့ ဒေသလူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ 

အောက်တိုဘာ ၁၄ ရက် မနေ့က ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း ၂၁ မှ ရေဘေးသင့်ပြည်သူတွေ အားလုံး နေအိမ်ကို ပြန်သွားကြပြီဖြစ်ပါတယ်။ 

အောက်တိုဘာ ၁၅ ရက် ဒီနေ့မှာ တခုတည်းကျန်ရှိတဲ့ ဒက္ခိဏသာခါ ရေဘေးကယ်ဆယ်ရေးစခန်းက ရေဘေးသင့်ပြည်သူတွေအနေနဲ့လည်း အလှူရှင်တွေ လှူဒါန်းထားတဲ့ ပစ္စည်းတွေကို လက်ခံပြီးပါက နေအိမ်ကို ပြန်ကြတော့မှာဖြစ်တယ်လို့ သိရပါတယ်။

ရေကြီးချိန်မှာ နေအိမ်၊ ဆိုင်ခန်း၊ ကားတွေနဲ့ ဆိုင်ကယ်တွေ ရေနစ်မြူပ်ခဲ့လို့ ပျက်စီးဆုံးရှုံးမှုများ နိုင်တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ရေးဘေး #ရေဘေးရှောင်စခန်း #ပိတ်သိမ်း #သတင်း

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10