ပဲခူးက ရေဘေးသင့်ကျေးရွာတွေမှာ ကူညီထောက်ပံ့မှုလိုအပ်နေ

ပဲခူးက ရေဘေးသင့်ကျေးရွာတွေမှာ ကူညီထောက်ပံ့မှုလိုအပ်နေ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်းက ရေနစ်မြုပ်တဲ့ ကျေးရွာတွေမှာ ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြိုပေါ်ရပ်ကွက်တွေနည်းတူ ကျေးရွာတွေဘက်မှာလည်း ရေနစ်မြုပ်တာတွေရှိနေပြီး ကျေးရွာတွေကို ထောက်ပံ့မယ့်သူ မရှိသလောက်နည်းနေတာကြောင့် စားသောက်ရေးကိစ္စတွေ ခက်ခဲနေတယ်လို့ ဆိုပါတယ်။

"ရေက ရွာထဲမှာ လူတရပ်နီးပါးရှိနေတယ်။ အပြင်ထွက်လို့လည်းမရ စားစရာနဲ့ရေလည်း မရှိဖြစ်နေတယ်"လို့ ကျေးရွာနေ ပြည်သူတဦးကပြောပါတယ်။

ရှမ်းရွာ၊ ကလိ၊ ပြည်တော်အေး၊ ရွှေလှေ၊ အဝိုင်း စတဲ့ကျေးရွာတွေအပါအဝင် ကျေးရွာ ၁၂ ရွာလောက်က လူဦးရေ ၇၀၀၀ ကျော် အကူအညီတွေလိုအပ်နေတာပါ။ 

"ကျေးရွာတွေဘက်မှာ အကူအညီတွေလိုအပ်နေတာလည်း ဟုတ်တယ်။ ကျနော်တို့အဖွဲ့တွေဆီ အကူအညီတောင်းတာလည်း ရှိတယ်။ ဒါပေမယ့် နေရာတိုင်းကို မသွားနိုင်ဘူးဖြစ်နေတယ်။ နိုင်သလောက်ပဲ သွားထောက်ပံ့နိုင်တယ်"လို့ ဒေသလူမှုကူညီရေး အသင်းဝင်တဦးက ပြောပါတယ်။

ကျေးရွာတွေဘက်မှာ ရေနဲ့အစားအစာတွေ အဓိကလိုအပ်နေပြီး ထောက်ပံ့ရေးအဖွဲ့တွေ့သွားလာဖို့ စက်လှေတွေမရှိတဲ့အတွက် သွားလာရခက်ခဲတာ၊ တာဝန်ရှိသူတွေက မြို့ပေါ်မှာသာ အာရုံစိုက်နေတဲ့ အတွက် ကျေးရွာတွေဘက်ကို ကူညီပေးဖို့မေ့လျော့နေတာနဲ့ အလှူရှင်တွေနည်းပါးတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ပဲခူးရေကြီးမှုကို လာရောက်ကူညီထောက်ပံ့တဲ့ အလှူရှင်တွေနဲ့ စစ်ကောင်စီဘက်က ထောက်ပံ့မှုတွေ မှာလည်း ပဲခူးမြို့ပေါ်က ရေဘေးသင့်သူတွေကိုသာ ဦးစားပေး ကူညီထောက်ပံ့တာတွေ ရှိနေပြီး မြို့ပေါ်ရပ်ကွက်တွေမှာတောင် နေရာတိုင်း ထောက့်ပံ့ဖို့အတွက် လိုအပ်ချက်တွေ ရှိနေတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ရေဘေးသင့်ကျေးရွာ #အကူညီလိုအပ် #ရေဘေး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10