ပဲခူးက အစာအဆိပ်သင့်တဲ့ ကလေးလူကြီး ၁၂၀ ကျော်ဆေးရုံပြန်ဆင်း ၄ ဦးသာကျန်

ပဲခူးက အစာအဆိပ်သင့်တဲ့ ကလေးလူကြီး ၁၂၀ ကျော်ဆေးရုံပြန်ဆင်း ၄ ဦးသာကျန်

အစာအဆိပ်သင့်လို့ ပဲခူးဆေးရုံနဲ့ ဘုရားကြီးဆေးရုံတွေမှာ တက်ရောက်ကုသနေရတဲ့ ပဲခူးမြို့နယ်၊ အဆိပ်တောင်ကျေးရွာ မေတ္တာကမ်းလက်ပရဟိတ မိဘမဲ့ကလေးများနဲ့မသန်စွမ်းကလေးများ စောင့်ရှောက်ရေးကျောင်းက ကလေးလူကြီး ၁၂၀ ကျော် ဆေးရုံပြန်ဆင်းရပြီး ၄ ဦးသာ ကျန်တော့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

ဇူလိုင်လ ၅ ရက်မနက် ၁၁ နာရီကျော်ခန့်မှာ ဆေးရုံဆင်းလာတဲ့ ကလေးလူကြီးတွေကို သက်ဆိုင်ရာ ကျောင်းကိုပြန်ပို့ပေးနေပြီး ပဲခူးဆေးရုံမှာသာ ကလေး ၄ ဦး ကျန်ခဲ့တယ်လို့ဆိုပါတယ်။

"ဆေးရုံ ၂ ခုမှာ တက်နေတဲ့ ကလေး၊ လူကြီး၊ ကိုရင်တွေ သက်သာလို့ ဆေးရုံပြန်ဆင်းကြပြီး။ ကလေး ၄ ဦးကတော့ အားနည်းနေသေးလို့ လောလောဆယ် ပြန်မဆင်းရသေးဘူး။ ကျန်ခဲ့တဲ့ ကလေးတွေလည်း အခြေနေကောင်းပါတယ်" လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

အစာအဆိပ်သင့်မှုဖြစ်ပွားတာက ခေါက်ဆွဲကြော်ထဲမှာပါတဲ့ ဂေါ် ဖီထုပ်မှာ ပိုသတ်ဆေးတွေ ဆေးကြောတာ မစင်လို့ အစာအဆိပ်သင့်တာလို့ ကနဦးတွေ့ရှိထားပြီး အသေးစိပ်အခြေနေကိုတော့ ဆေးရုံဘက်က စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ယမန်နေ့ဇူလိုင်လ ၄ ရက် မနက် ၁၀ နာရီကျော်ခန့်က မေတ္တာကမ်းလက်ပရဟိတ မိဘမဲ့ကလေးများနဲ့ မသန်စွမ်းကလေးများ စောင့်ရှောက်ရေးကျောင်းမှာ မွေးနေ့ အလှူရှင် ၁ ဦးက ခေါက်ဆွဲကြော် လာရောက်ကျွေးမွေးခဲ့ရာ စားသောက်ပြီးချိန်မှာ ကလေးငယ်တွေနဲ့ ကိုရင်တွေအပါအဝင် ခေါက်ဆွဲကြော်စားမိသူတွေ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ခေါက်ဆွဲကြော်စားမိပြီးနောက် ကျောင်းရှိ ဆရာမတွေအပါအဝင် ကလေးငယ်၊ ကိုရင် စုစုပေါင်း ၁၃၀ ဦးခန့်ဟာ မူးဝေတာ၊ အော့အန်တာနဲ့ ရင်ပြည့်ရင်ကယ်ဖြစ်ပွားခဲ့ကြတာပါ။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#ပဲခူး #မေတ္တာကမ်းလက် #ဘုရားကြီး #အစာအဆိပ်သင့်မှု #ပညာရေး #ကျန်းမာရေး

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10