ပဲခူးတိုင်းထဲကဆိုင်တွေမှာ စစ်တပ်ထုတ်ကုန်တွေမရောင်းရင် ဆိုင်ပိတ်ရမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်

ပဲခူးတိုင်းထဲကဆိုင်တွေမှာ စစ်တပ်ထုတ်ကုန်တွေမရောင်းရင် ဆိုင်ပိတ်ရမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်

ပဲခူးတိုင်းအတွင်း မြို့နယ်တွေမှာရှိတဲ့ စျေးဆိုင်တွေမှာ စစ်တပ်ထုတ်ကုန်တွေကို မရောင်းချပါက ဆိုင်ပိတ်ရမယ်ဆိုပြီး စစ်ကောင်စီဘက်က ထုတ်ပြန်စာ ထုတ်ခဲ့သလို မြေပြင်မှာလည်း လိုက်လံခြိမ်းခြောက်တာတွေ လုပ်နေတယ်လို့ ဒေသခံဆိုင်ရှင်တွေဆီက သိရပါတယ်။ 

စက်တင်ဘာလ ဒုတိယအပတ်ကစတင်ပြီး စစ်တပ်၊ ထွေအုပ်၊ ရဲ၊ စည်ပင်နဲ့ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေပါတဲ့ အဖွဲ့က စျေးဆိုင်တွေကို စစ်တပ်ထုတ်ကုန် ရောင်း မရောင်း လိုက်လံစစ်ဆေးနေပြီး မရောင်းရင် ဆိုင်ပိတ်ရမယ်လို့ ပြောဆိုတာတွေ ရှိတယ်လို့ ဆိုပါတယ်။

"ကျမတို့မြို့က ဆိုင်အများစုက စစ်တပ်ထုတ်ကုန်တွေ မရောင်းကြဘူး။ ခုလို လိုက်စစ်ပြီး ဖိအားပေးပြောလာတော့ မဖြစ်မနေတင်ရောင်းလာရတယ်။ ဝမ်းစာအတွက်က ဆိုင်ပိတ်ပြီးလည်း နေလို့မရဘူးလေ"လို့ ဝေါမြို့မှ စျေးဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က ဖိအားပေးမှုတွေရှိလာလို့ စျေးဆိုင်တွေမှာ စစ်တပ်ထုတ်ကုန်တွေကို ဝယ်ယူပြီး ဟန်ပြသဘောမျိုး တင်ထားကာ စျေးဝယ်သူတွေကို မရောင်းဘဲနေတာရှိသလို အချို့ဆိုင်တွေကတော့ ဝယ်ယူထားပြီးဖြစ်တာကြောင့် အရင်းမရှုံးအောင် ပြန်ရောင်းချနေတာမျိုးတွေလည်း ရှိလာတယ်လို့ သိရပါတယ်။

"ကျနော်တို့ဆီမှာတော့ ဆီ၊ ဆန်တွေ စျေးတင်မရောင်းဖို့ လိုက်စစ်ရင်း စစ်တပ်ထုတ်ကုန် ရောင်း မရောင်းပါ စစ်တယ်။ မရောင်းဘူးဆိုရင် ဘာကြောင့်မရောင်းလဲ မေးသွားတယ်။ မရောင်းတဲ့ ဆိုင်တွေကို စာရင်းမှတ်သွားတာမျိုးတွေရှိတယ်"လို့ ပဲခူးဒေသခံတဦးက ပြောပါတယ်။

ပဲခူးတိုင်းစည်ပင်သာယာကနေ တိုင်းအတွင်းရှိ စည်ပင်သာယာနယ်နိမိတ်အတွင်းက စျေးဆိုင်တွေမှာ FDA က ခွင့်ပြုထားတဲ့ ကုန်ပစ္စည်းတွေကို ခွဲခြားပြီးရောင်းချတာမျိုး မရှိစေဘဲ ကုန်ပစ္စည်း ခွဲခြားရောင်းချတဲ့ ဆိုင်တွေကို အရေးယူဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။ 

တဖက်မှာလည်း စစ်ကောင်စီကိုတော်လှန်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက Mytel၊ Red Ruby၊ Myanmar Beer၊ Dagon Beer အပါအဝင် စစ်တပ်ထုတ်ကုန်တွေဖြစ်တဲ့ အခြားပစ္စည်းတွေကို ပြည်သူတွေ ရောင်းဝယ်သုံးစွဲတာမလုပ်ဖို့ တားမြစ်ထားပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #စစ်ကောင်စီ #စစ်တပ်ထုတ်ကုန် #ရောင်းချရန် #ခြိမ်းခြောက် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10