ပဲခူးတိုင်းမှာ စစ်ကောင်စီကို တန်ပြန်ထိုးစစ် အရှိန်အဟုန်မြှင့်သွားမယ်

ပဲခူးတိုင်းမှာ စစ်ကောင်စီကို တန်ပြန်ထိုးစစ် အရှိန်အဟုန်မြှင့်သွားမယ်

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှာ စစ်ကောင်စီနေရာတွေကို တန်ပြန်ထိုးစစ်အရှိန်အဟုန်မြှင့်သွားမယ်လို့ တောင်ပိုင်းတိုင်း၊ အမှတ် ၂ စစ်ဒေသခွဲက ဇူလိုင် ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

 

တန်ပြန်ထိုးစစ်ပြုလုပ်မှာဖြစ်လို့ ပဲခူးတိုင်းအတွင်း ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ ပဲခူး-စစ်တောင်းလမ်းပိုင်း၊ မွန်ပြည်နယ်အတွင်းရှိ ရန်ကုန်-မုတ္တမ၊ ရန်ကုန်-ဘားအံလမ်းပိုင်းတွေမှာ ပြည်သူတွေအနေနဲ့  ည ၆ နာရီကနေ နောက်တနေ့ မနက် ၆ နာရီအတွင်း ခရီးမသွားလာကြဖို့ လိုတယ်လို့ ဆိုပါတယ်။

 

"ခုက စစ်ရေးမြှင့်မှာဖြစ်လို့ စစ်ရေးနဲ့ပတ်သက်ပြီး ပြောလို့အဆင်မပြေဘူး။ ခုက အသိပေးထားတာက ပဲခူးတိုင်းတတိုင်းလုံးနဲ့ မွန်ပြည်နယ်အစပ်နေရာ လမ်းပိုင်းတွေမှာ သတ်မှတ်ထားတဲ့အချိန်အတွင်း ပြည်သူတွေ မသွားလာဖို့ပါ။ ဒါကလည်း ပြည်သူတွေ မထိခိုက်အောင် အသိပေးတာဖြစ်ပါတယ်" လို့ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဝေယံက ပြောပါတယ်။

 

စိုးမိုးနယ်မြေရရှိဖို့ စစ်ရေးအရှိန်အဟုန် မြှင့်တာဖြစ်လို့ ပြည်သူတွေ သွားလာရေး ခက်ခဲအောင်၊ ကုန်စည်စီးဆင်းမှု နှောင့်နှေးအောင်လုပ်ဆောင်တာ မဟုတ်လို့ ပြည်သူတွေအနေနဲ့ နားလည်လိမ့်မယ်ထင်တယ်လို့ ဆိုပါတယ်။

 

အဲဒီ လမ်းပိုင်းတွေမှာ နေ့ခင်းဘက်သွားလာနေချိန် ကာကွယ်ရေးအဖွဲ့တွေက လိုအပ်လို့ စစ်ဆေးမှုလုပ်လာချိန်မှာ ကြည်ဖြူစွာ အစစ်ဆေးခံပေးဖို့နဲ့ ယာဥ်တွေကို မှန်ချသွားလာပေးဖို့လိုမယ်လို့ သိရပါတယ်။

 

အသိပေးထားတဲ့ကြားက ကန့်သတ်အချိန်အတွင်း သွားလာနေတဲ့ ယာဥ်တွေအနေနဲ့ ထိခိုက်မှု တစုံတရာဖြစ်လာပါက အကျိုးဆက်ကို စစ်ဒေသခွဲ ၂ က တာဝန်ယူသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

 

တောင်ပိုင်းတိုင်း၊ အမှတ် ၂ စစ်ဒေသခွဲက သွားလာချိန်ကန့်သတ်ထားတဲ့ လမ်းပိုင်းတွေဟာ နေ့စဥ် ခရီးသွားကား အစီးရေ ထောင်ချီသွားလာနေကြတာဖြစ်ပြီး ညပိုင်းတွေမှာလည်း လမ်းအသုံးပြု သွားလာနေကြတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက် မနက်ပိုင်းက ရန်ကုန်-မော်လမြိုင်လမ်းပိုင်း၊ ဘီးလင်းမြို့နယ်၊ ကျုံအိတ်တံတားကို KNLA၊ PDF ဘက်က စစ်ရေးလိုအပ်ချက်အရ မိုင်းခွဲခဲ့ရာ တံတားပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။

 

စာတည်း - နွေဦးငြိမ်းချမ်း

 

#မြေလတ်အသံ

#ပဲခူးတိုင်း #စစ်ရေး #အရှိန်မြှင့် #KNLA #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10