ပဲခူးတိုင်းအနောက်ခြမ်း ကျေးရွာတွေမှာ လောင်းကစားဝိုင်းတွေလုပ်နေလို့ ဒေသခံတွေ အခက်တွေ့နေ

ပဲခူးတိုင်းအနောက်ခြမ်း ကျေးရွာတွေမှာ လောင်းကစားဝိုင်းတွေလုပ်နေလို့ ဒေသခံတွေ အခက်တွေ့နေ

ပဲခူးတိုင်းအနောက်ခြမ်းက ပြည်၊ သာယာဝတီနဲ့ ဇီးကုန်းမြို့နယ်က ‌ကျေးရွာတွေမှာ လောင်းကစားဝိုင်းတွေနဲ့ ဖျော်ဖြေရေးပွဲတွေ ပြုလုပ်နေတဲ့အတွက် ကျေးရွာပြည်သူတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် အခက်အခဲတွေ ကြုံနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီက ရန်ပုံငွေရရှိဖို့အတွက် ဒေသတွင်းမှာ ခုလိုလောင်းကစားဝိုင်းတွေ ကျင်းပပေးနေတာဖြစ်ပြီး၊ လောင်းကစားဒိုင်နဲ့ ဦးဆောင်ပြုလုပ်သူတွေဆီကနေ ငွေကြေးတောင်းခံကာ သူတို့ကို လုပ်ပိုင်ခွင့်ပေးနေတာလည်း ဖြစ်ပါတယ်။


အခု ဧပြီလ ပထမပတ်ကစပြီး ပြည်မြို့၊ အရှေ့ပေါက်တောအုပ်စု၊ ကုက္ကိုကုန်းရွာ၊ သာယာဝတီမြို့နယ်၊ သဲဖြူရွာ၊ ဇီးကုန်းမြို့နယ်၊ ချောင်းစောက်ကျေးရွာတွေမှာ ရွာခံတွေဦးဆောင်ပြီး လောင်းကစားဝိုင်းတွေ ပြုလုပ်နေကာ စတိတ်ရှိုးပွဲတွေပါ တွဲပြီးလုပ်နေတာလို့ သိရပါတယ်။

“သဲဖြူရွာအုပ်ကြီးနဲ့ ဇလုပ်ရွာကလူမိုက်တွေ ပေါင်းပြီးလုပ်နေတာ၊ လောင်းကစားဝိုင်းက အသံတွေဖုံးအောင် စတိတ်ရှိုးလုပ်ပြီး ဆောင်းဘောက်ကြီးတွေနဲ့ ဖွင့်တယ်။ အပူရှိန်တွေက မြင့်ရတဲ့ကြားထဲ အသံတွေကြောင့် နေ့ခင်းဘက် မအိပ်ရ ညဘက် မအိပ်ရ။ သက်ကြီးရွယ်အိုတွေလည်း အနားမယူရဘူး။ ရွာကလူတွေကလည်း ဝင်ဆော့ကြတော့ ရှုံးတာပေါ့။ စီးပွားရေးတွေလည်း မပြေလည် ဖြစ်ကုန် ကြတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

ပြည်မြို့၊ ကုက္ကိုကုန်းရွာမှာလည်း စစ်ကောင်စီနဲ့ပူးပေါင်းပြီး စီးပွားရေး လုပ်ကိုင်နေတဲ့ ရွာသား ဦးအောင်ဝင်းဆိုသူ ဦးဆောင်ကာ ဧပြီလ ၁၀ ရက်ကစပြီး ကြက်ဝိုင်း၊ ဂျင်ဝိုင်းတွေ စတင်ဖွင့်လှစ်နေတာဖြစ်သလို နောက်ရက်တွေမှာတော့ နွားပွဲတွေပါ ပြုလုပ်ဖို့ စီစဉ်ထားပြီး ၁၀ ရက် ကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။

“ခုလောလောဆယ်တော့ နေ့ဘက်မှာ စစ်သား ၂ ယောက် ရဲ ၂ ယောက် အရပ်ဝတ်နဲ့ လက်နက်ကိုယ်စီနဲ့ လုံခြုံရေးယူပေးတယ်။ စစ်တပ်ထောက်တိုင်တွေအတွက် လောင်းကစားဝိုင်းတွေလုပ်ပြီး ရန်ပုံငွေရှာပေးနေတာ၊ ခေတ်ကြီးမကောင်းချိန် ခုလိုတွေ လုပ်နေတာတော့ ရွာသားတွေအတွက် မကောင်းဘူးပေါ့” လို့ အဲ့ဒီလောင်းကစားဝိုင်းကို သွားခဲ့သူတဦးက ပြန်ပြောပြပါတယ်။

ဇီးကုန်းမြို့၊ ချောင်းစောက်ကျေးရွာမှာတော့ အခုလို လောင်းကစားဝိုင်းတွေ လုပ်နေတာ ၆ လရှိပြီဖြစ်ပြီး၊ အင်္ဂါနေ့တိုင်း လောင်းကစားဝိုင်းလုပ်နေကာ ရွာမှာရှိတဲ့ လက်လုပ် လက်စား သမားတွေလည်း ဝင်ရောက်ဆော့ကစားနေတဲ့အတွက် စီးပွားရေးအဆင်မပြေမှုတွေ ဖြစ်လာပြီး ပစ္စည်းခိုးမှုတွေ ပိုများလာတယ်လို့ သိရပါတယ်။

“ရွာမှာကလည်း မီးဘေးကြောက်ရ သူခိုးကြောက်ရ၊ အသက် ၉၀၊ ၁၀၀ နီးပါးတွေကလည်း နေ့ခင်းဘက်ဆို ကောင်းကောင်းမွန်မွန် မအိပ်ရ၊ ညဆိုရန်တွေဖြစ်ကြ သောင်းကျန်းကြနဲ့။ မြို့နယ်ကိုပြောပြန်တော့လည်း သူတို့က ငွေယူထားတော့ အရေးယူမပေးဘူး။ နေ့တိုင်း ဆူပူသောင်းကျန်းမှုတွေနဲ့ ရွာကမငြိမ်းချမ်းတော့ဘူး” လို့ ရွာသားတဦးက ပြောပါတယ်၊။

အဆိုပါ လောင်းကစားဝိုင်းတွေကြောင့် နေ့စဉ်နဲ့အမျှ ရွာသားတွေရဲ့ စီးပွားရေး၊ ကျန်းမာရေးတွေ ထိခိုက်လာကာ စစ်ကောင်စီဘက်က သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူတွေကို တိုင်ကြားထားပေမယ့်လည်း ဒီကနေ့အချိန်ထိ အရေးယူမှု တစုံတရာပြုလုပ်ပေးတာ မတွေ့ရသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

ပုံစာ - ဇီးကုန်းမြို့နယ်၊ ချောင်းစောက်ရွာတွင် ပြုလုပ်နေသည့် လောင်းကစားဝိုင်းများ။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10