ပဲခူးနဲ့မွန်အစပ်က စစ်တပ် ၂ ခု တိုက်ခိုက်ခံရလို့ ၁ ဦးသေ ၄ ဦးဒဏ်ရာရ

ပဲခူးနဲ့မွန်အစပ်က စစ်တပ် ၂ ခု တိုက်ခိုက်ခံရလို့ ၁ ဦးသေ ၄ ဦးဒဏ်ရာရ

 

ပဲခူးတိုင်းအစပ် မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ၂ ခု တိုက်ခိုက်ခံရလို့ စစ်သား ၁ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရတယ်လို့ ဝေါမြို့နယ်ပကဖထံက သိရပါတယ်။

ဇွန် ၂ ရက် မနေ့ မနက် ၇ နာရီခန့်က သိမ်ဇရပ်ကနေ ရွှေကျင်မြို့ဘက်အထွက်မှာ ကပ်လျက်တည်ရှိတဲ့ ခမရ ၂၀၇ နဲ့ အမတ ၃၁၀ တပ်တွေကို တော်လှန်ရေးအင်အားစုတွေက ၆၀မမစိန်ပြောင်း၊ M-79 လောင်ချာ၊ ခွင်းဗုံး၊ လက်နက်ငယ်တွေနဲ့ တပြိုင်တည်းသွားရောက်တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

" ကျနော်တို့အဖွဲ့ဘက်က သွားပစ်ချိန် ၆၀ သီးတွေက စကစတပ်ထဲကို ကောင်းကောင်းကျတယ်။ ထိခိုက်သေဆုံးလည်းရှိသွားတော့ သူတို့ဘက်က တနေကုန်၊ တညလုံး လက်နက်ကြီးတွေဆက်တိုက်ပစ်တာ အလုံး ၃၀ ကျော်တယ်"လို့ ဝေါမြို့နယ်ပကဖတာဝန်ခံက ပြောပါတယ်။

တော်လှန်ရေးအဖွဲ့တွေဘက်က ပစ်ခတ်တဲ့လက်နက်ကြီးကျည်တွေဟာ ခမရ ၂၀၇ အတွင်း ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးသလို အရာရှိ ၁ ဦးအပါအဝင် ၄ ဦးဒဏ်ရာရရှိသွားတယ်လို့ မြေပြင်သတင်းပေးပို့ချက်တွေကိုကိုးကားပြီး အထက်ပါပကဖတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီးနောက်မှာ စစ်ကောင်စီအမတ ၃၁၀ တပ်ရင်းကနေ အခိုင်၊ စစ်ကွင်း၊ ဝါးဒက်ကွင်း၊ ခရွဲ၊ မုက္ခမော့ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့လို့ ဝါးဒက်ကွင်းနဲ့ မုက္ခမော့ကျေးရွာက ဒေသခံအမျိုးသား ၂ ဦးနဲ့အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိသွားတယ်လို့ သိရ ပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ KNLA ဦးဆောင်ကာ ဝေါ(ပကဖ)၊ သနပ်ပင်(ပကဖ)၊ အင်းတကော်(ပကဖ)နဲ့ Project Home(ရန်ကုန်)အဖွဲ့တို့က ပူးပေါင်းတိုက် ခိုက်ခဲ့တာလို့ သိရပါတယ်။

မေ ၁၉ ရက်မှာလည်း အမတ ၃၁၀ တပ်ရင်းအရှေ့မှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးငွေတောင်းနေတဲ့ဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က သွားရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်က ၂ ဦးသေဆုံးတယ်လို့သိရှိရပါတယ်။

ပုံစာ - ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ (ပုံဟောင်း)

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပဲခူး #မွန်ပြည်နယ် #သိမ်ဇရပ် #စစ်တပ် #တိုက်ပွဲ #KNLA #ပကဖ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10