ပဲခူးနဲ့မွန်အစပ်မှာ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရလို့ ၂ ဦးသေ၊ ၁ ဦးဒဏ်ရာရ

ပဲခူးနဲ့မွန်အစပ်မှာ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရလို့ ၂ ဦးသေ၊ ၁ ဦးဒဏ်ရာရ

ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်အစပ်၊ စစ်တောင်းမြစ်ကမ်းဘေးရှိ ကျိုက်ထိုမြို့နယ်၊ စစ်ကွင်းကျေးရွာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရတယ်လို့ ဝေါမြို့နယ် ပကဖဆီက သိရပါတယ်။

မတ် ၂၆ ရက် နေ့လယ် ၂ နာရီခွဲလောက်မှာ အင်အား ၃၀ ကျော်နဲ့ ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအဖွဲ့ကို ဒေသခံကာကွယ်ရေးတပ်တွေက လမ်းကနေစောင့်ကြိုတိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲ ၁ နာရီကျော်ကြာ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

"တပ်မ ၄၄ လက်အောက်က စကစအဖွဲ့တွေ ကျနော်တို့ရှိတဲ့ဘက်ကို စစ်ကြောင်းဝင်လာလို့ တိုက်ပွဲဖြစ်တာ။ တိုက်ပွဲဖြစ်နေချိန် စကစအဖွဲ့တွေ ထိလို့ လဲကျသွားတာတွေမြင်ရတယ်။ သူတို့ဘက် ထိခိုက်သေဆုံးတွေရှိတော့ ပြန်ဆုတ်သွားကြတယ်"လို့ ဝေါမြို့နယ် ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရသွားကာ သေဆုံးဒဏ်ရာရသူတွေကို ပြန်ကောက်သွားတာကြောင့် အလောင်းလက်နက်ကို ကာကွယ်ရေးတပ်တွေဘက်က မရလိုက်ဘူးလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်နေစဥ် သိမ်ဇရပ်အမြောက်တပ်နဲ့ ခမရ ၂၀၇ တပ်ရင်းတွေကနေ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ကူတိုက်ခိုက်ပေးတာတွေ ရှိခဲ့တာကြောင့် စစ်ကွင်းဒေသခံ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦး မစိုးရိမ်ရဒဏ်ရာတွေရခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို KNLA တပ်မဟာ ၁၊ ဝေါ၊ ကဝ၊ သနပ်ပင်၊ အင်တကော်၊ ဒိုက်ဦး ပကဖနဲ့ ပဲခူးခရိုင်အထူးတပ်ဖွဲတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။ 

တိုက်ပွဲကြောင့် စစ်ကွင်းကျေးရွာဒေသခံ ရာချီထွက်ပြေးနေရပြီး မတ် ၂၉ ရက်အထိ ကျေးရွာကို ပြန်မလာရဲကြသေးဘူးလို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကလည်း စစ်ကွင်းကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအဖွဲ့နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဘက်ထိခိုက်မှုတွေ ရှိခဲ့ပါသေးတယ်။ 

ပုံစာ - ဝေါမြို့နယ်ပကဖနှင့် ပူးပေါင်းတပ်ဖွဲ့၀င်များ။ (ပုံဟောင်း) 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #မွန် #စစ်ကွင်းရွာ #စစ်ကောင်စီ #စစ်ပွဲ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10