ပဲခူးနဲ့ မွန်အစပ်မှာ စစ်တပ်ယာဥ်တန်းကို မိုင်းဆွဲပြီးပစ်ခတ်တိုက်ခိုက်မှု နှစ်ဖက်ထိခိုက်မှုရှိ

ပဲခူးနဲ့ မွန်အစပ်မှာ စစ်တပ်ယာဥ်တန်းကို မိုင်းဆွဲပြီးပစ်ခတ်တိုက်ခိုက်မှု နှစ်ဖက်ထိခိုက်မှုရှိ

ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်အစပ် ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်နဲ့ အင်္ဂဘိုကျေးရွာအကြား ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာ စစ်ကောင်စီတပ်ယာဥ်တန်းကို မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်မှုအတွင်း နှစ်ဖက်ထိခိုက်မှုရှိခဲ့ရှိတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

ဧပြီလ ၉ ရက် ဒီကနေ့ မနက် ၈ နာရီကျော်မှာ ဝေါမြို့ဘက်ကနေ ကျိုက်ထိုဘက်ကို မောင်းလာတဲ့ စစ်ကားအစီးရေ ၂၀ ဝန်းကျင်ပါ စစ်ကောင်စီယာဥ်တန်းကို KNLA ပူးပေါင်းတပ်တွေဘက်က ခြုံခိုမိုင်းဆွဲပြီး ပိတ်ဆို့ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

"ကျနော်တို့ဘက်က အဖွဲ့တွေမိုင်းဆွဲပြီး ပစ်ခတ်တော့ သူတို့ ကား ၂ စီးထိသွားတယ်။ သူတို့ဘက်က ပြန်ပစ်သွားတာ ကျနေ့ာ်တိုဘက်က ရဲဘော်တဦး ထိသွားတယ်"လို့ မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီယာဥ်တန်းတွေမိုင်းဆွဲပြီးနောက် ပစ်ခတ်ခံရလို့ ယာဉ်တန်းရပ်တန့်ကာ အနီးဝန်းကျင်ကို ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် နှစ်ဖက်ထိတွေ့ပစ်ခတ်မှု မိနစ် ၂၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုတွေအတွင်းမှာ စစ်ကောင်စီဘက်က ကား ၂ စီးထိခိုက်ပျက်စီးသွားပြီး တပ်သား ၅ ဦးထက်မနည်းထိခိုက်သေဆုံးခဲ့သလို KNLA တပ်မဟာ ၁ တပ်ဖွဲ့ဝင် ၁ ဦးလည်း လက်နက်ငယ်ကျည်ထိမှန် သေဆုံးသွားခဲ့တာာပါ။

တိုက်ပွဲဖြစ်နေချိန် ခရီးသွားကားတွေ ယာယီပိတ်မိနေခဲ့ကြပြီး လက်ရှိမှာတော့ ပုံမှန်အတိုင်း ပြန်လည်သွားလာနေကြပြီ ဖြစ်ပါတယ်။

ဧပြီလ ၇ ရက်မှာလည်း မုပ္ပလင်စစ်ဆေးရေးဂိတ်အနီးက စစ်ကောင်စီတပ်နေရာ ၅ ခုကို တော်လှန် ရေးတပ်တွေက လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မုပ္ပလင် #စစ်ကောင်စီယာဉ်တန်း #မိုင်းဆွဲခံရ #ပိတ်ဆို့ပစ်ခတ် #နှစ်ဖက်ထိခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10