ပဲခူးနဲ့ မွန် အစပ်မှာ BGF တပ်ဖွဲ့ဝင် ဗိုလ်အဆင့်ရှိသူနဲ့ ဇနီး ပစ်ခတ်ခံရပြီး သေဆုံး

ပဲခူးနဲ့ မွန် အစပ်မှာ BGF တပ်ဖွဲ့ဝင် ဗိုလ်အဆင့်ရှိသူနဲ့ ဇနီး ပစ်ခတ်ခံရပြီး သေဆုံး

ပဲခူးတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်အစပ် ကျိုက်ထိုမြို့နယ်အပိုင် စစ်တောင်းမြစ်ကမ်းဘေးရှိ  ကေထင်းကျေးရွာနဲ့ ဘိုရားကြီးကျေးရွာကြားမှာ BGF တပ်ဖွဲ့ဝင် ဗိုလ်အဆင့်ရှိသူနဲ့ ဇနီးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဝေါမြို့နယ် ပကဖ ဆီက သိရပါတယ်။

ဩဂုတ်လ ၂၄ ရက် ဒီမနက် ၇ နာရီခွဲလောက်မှာ ကျိုက်ထိုဘက်နေ ကော့ထင်းကျေးရွာဘက်ကို ကားနဲ့ပြန်လာတဲ့ BGF တပ်နယ်(၂)မှ ဗိုလ်အဆင့်ရှိသူ အသက် ၄၀ အရွယ် ဦးဝင်းစိုး နဲ့ ဇနီးဖြစ်သူ ဒေါ်ဇင်မာမျိုး တို့ကို အနီးကပ် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

"သူတိူ့လာမယ့်လမ်းမှာ ကျနော်တို့ဘက်က ရဲဘော်တွေက စောင့်ပြီး ပစ်ခတ်ခဲ့တာ။ ရဲဘော် ၅ ယောက်ဆို တယောက်ကို ကျည် ၃ ဘောက်လောက် ကုန်သွားတယ်။ နှစ်ယောက်စလုံးကို ရှင်းလင်းနိုင်ခဲ့တယ်"လို့ ဝေါမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခံရလို့ ဗိုလ်ဝင်းစိုးမှာ ဦးခေါင်းထိပ်ပွင့်ထွက်၊ ယာရင်ဘတ်၊ ယာဒူး ကျည်ဖောက်ဝင်ဒဏ်ရာ နှစ်ချက်ရခဲ့ပြီး ဒေါ်ဇင်မာမျိုးမှာ ဝဲနားထင် ကျည်ဖောက်ဝင်၊ ယာလက်ဖျံ ကျည်ဖောက်ဝင် ဒဏ်ရာတွေရပြီး နေရာမှာဘဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဗိုလ်ဝင်းစိုးကိုင်ဆောင်တဲ့ သေနတ်အရှည် ၁ လက်၊ ပစ္စတို ၁ လက်နဲ့ ဖုန်းတလုံး BGF တပ်ဖွဲ့ဝင် စိစစ်ရေးကဒ်နဲ့ မှတ်ပုံတင်ကဒ်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်ဝင်းစိုးဟာ ကျိုက်ထိုမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အားပေးထောက်ခံသူတွေကို စစ်ကောင်စီက ဖမ်းဆီးနိုင်ဖို့ သတင်းပေးတာ၊ လောင်းကစားဝိုင်းတွေနဲ့ လိုင်စင်မဲ့ကားတွေကို တာဝန်ခံလုပ်ကိုင်နေတာနဲ့ ကျေးရွာမြေတွေက မတရားစျေးနဲ့စျေးနှိမ်ဝယ်ပြီး ဒေသခံတွေကို ခြိမ်းခြောက်နေသူ ဖြစ်တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီအဖွဲ့က လာစစ်ဆေးပြီး သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို လူမှုကယ်ဆယ်ရေးအကူအညီနဲ့ ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို ဝေါမြို့နယ် ပကဖ၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာပါ။

ဇူလိုင်လ ၃ ရက်ကလည်း ကျိုက်ထိုမြိုနယ်၊ သိမ်ဇရပ်မြို့၊ စစ်တောင်းစက္ကူစက်ရုံမှာ လုံခြုံရေးစောင့်နေတဲ့ စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရပြီး ၂ ဦးသေကာ ၁ ဦး ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

ပုံစာ - ဗိုလ်ဝင်စိုးဆီမှ သိမ်းဆည်းရမိသည့် သေနတ်နှင့် ပစ္စည်းများ။ 

စာတည်း - လင်း 

 #မြေလတ်အသံ

#ပဲခူး #မွန် #BGF #ဝေါပကဖ #ရှင်းလင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10