ပဲခူးမြစ်ရေ ဆက်တိုးနေလို့ ရေဘေးရှောင် ၁၅၀၀၀ ကျော်ထိရှိလာ၊ စားစရာနဲ့ရေ အကူအညီလိုအပ်

ပဲခူးမြစ်ရေ ဆက်တိုးနေလို့ ရေဘေးရှောင် ၁၅၀၀၀ ကျော်ထိရှိလာ၊ စားစရာနဲ့ရေ အကူအညီလိုအပ်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့မှာ မြစ်ရေဆက်တိုးနေလို့ ရေဘေးရှောင် ၁၅၀၀၀ ကျော်အထိ ရှိလားပြီး စားစရာနဲ့ရေ အကူအညီလိုအပ်နေတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

ဩဂုတ်လ ၁၁ ရက် ဒီမနက်ပိုင်းထိ ပဲခူးမြစ်ရေဟာ စိုးရိမ်ရေမှတ်ထက် ၈၆ စင်တီမီတာ ကျော်လွန်နေတာကြောင့် မြို့ပေါ်ရပ်ကွက် ၁၃ ခုနဲ့ ကျေးရွာ ၆ ရွာမှာ ရေကြီးနေပြီး ပြောင်းရွှေ့သူတွေများလာတာလို့ ဆိုပါတယ်။

"ညပိုင်းရေတိုးတော့ ပြောင်းရွှေ့သူတွေ အရင်ရက်တွေထက် ပိုများလာတယ်။ ရေဘေးရှောင်တွေ အတွက်က ကူညီထောက်ပံတာတွေရှိပေမယ့် လိုအပ်ချက်တွေကတော့ ရှိနေဆဲပါ။ လူက အရမ်းများလာတာဆိုတော့ မလောက်ငှဘူးပေါ့"လို့ ဒေသလူမှုကူညီရေးအသင်းဝင်တဦးက ပြောပါတယ်။

ရေကြီးရေလျှံနေတဲ့အတွက် လတ်ရှိ ရပ်ကွက်ကျေးရွာတွေမှာ ရေဘေးကယ်ဆယ်ရေးစခန်း ၂၉ ခုထိရှိလာပြီး လူဦးရေ ၁၅၉၅၄ ဦး ရေဘေးရှောင်နေရတယ်လို့ သိရပါတယ်။ 

ပဲခူးမြို့ပေါ်မှာ ဇိုင်း/တောင်ရပ်ကွက် ကျောင်းသစ်ဘုန်းတော်ကြီးကျောင်း၊ ကျွန်းသာယာရပ်ကွက် မင်္ဂလာဇေယျုံကျောင်းတိုက်၊ ပုဏ္ဏားစုရပ်ကွက် အောင်ဇေယျုံတပြားဘုရားဓမ္မာရုံ၊ ကျောက်ကြီးစုရပ်ကွက် အထက(ခွဲ)(၁)၊ မြို့သစ်ရပ်ကွက် ဆုတောင်းပြည့်ဘုန်းကြီးကျောင်း၊ ဥဿာ(၇)ရပ်ကွက် ပညာမွန်ကျောင်း၊ ဒက္ခိဏသာခါကျောင်း၊ ကလျာဏီရပ်ကွက် ကလျာဏီသိမ်တို့နဲ့  လက်ပံရွာစာသင်ကျောင်း၊ မုန်တိုင်းကျေးရွာ မုန်တိုင်းဘုန်ကြီးကျောင်း၊ ဝါးပြန်ကုန်းကျေးရွာ ဘုရားကုန်းဘုရားဝန်းတွေမှာလည်း ကယ်ဆယ်ရေးစခန်းတွေ ဆက်ဖွင့်ထားတယ်လို့ သိရပါတယ်။ 

ပဲခူးမြစ်ရေကြောင့် မြို့တွင်းလမ်းနေရာတော်တော်များများမှာ ရေပြည့်နေသလို ကားနဲ့ဆိုင်ကယ်တွေ ခက်ခက်ခဲခဲ သွားလာနေကြရတာပါ။ 

မြေအနိမ့်ပိုင်းနေရာအချို့မှာ လူတရပ်နီးပါးခန့်ရေမြုပ်နေသလို၊ အချို့နေရာတွေမှာ လမ်းပေါ် ရေ  ၂ ပေခန့်တက်နေတာတွေရှိနေလို့ နေအိမ်တွေလည်း ရေမြုပ်နေပြီး ရေနစ်မြုပ်တဲ့ အိမ်ခြေအရေအတွက်ကိုတော့ မသိရသေးပါဘူး။

ပဲခူးမြစ်ရေရဲ့ စိုးရိမ်ရေမှတ်က ၈၈၀ စင်တီမီတာဖြစ်ပြီး လတ်တလောအခြေနေမှာတော့ ၉၆၆ စင်တီမီတာ အထက်ကို ရောက်နေတယ်လို့ ဆိုပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ရေကြီး #ရေဘေးရှောင် #ရိက္ခာလိုအပ် #သတင်း #သဘာဝဘေး

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10