ပဲခူးမြစ်ရေ ပြန်ကျလို့ ကယ်ဆယ်ရေးစခန်းအားလုံးပိတ်သိမ်း၊ ရေဘေးသင့်ပြည်သူတွေ နေအိမ်ပြန်

ပဲခူးမြစ်ရေ ပြန်ကျလို့ ကယ်ဆယ်ရေးစခန်းအားလုံးပိတ်သိမ်း၊ ရေဘေးသင့်ပြည်သူတွေ နေအိမ်ပြန်

ပဲခူးမြို့နယ်အတွင်းမှာ ရေကြီးရေလျှံမှုတွေဖြစ်လို့ ရေဘေးသင့်ပြည်သူတွေ ကယ်ဆယ်ရေးစခန်းမှာသွားရောက်နေထိုင်နေရာက ယခုအခါ ရေပြန်ကျသွားပြီဖြစ်လို့ ဖွင့်လှစ်ထားရတဲ့ ကယ်ဆယ်ရေးစခန်းတွေကို ပိတ်သိမ်းလိုက်ပြီလို့ ဒေသခံလူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။

ရေပြန်ကျသွားတာကြောင့် ဩဂုတ် ၁၄ ရက် မနေ့ကစလို့ ရေဘေးကယ်ဆယ်ရေးစခန်းအားလုံးကို ပိတ်သိမ်းလိုက်ပြီဖြစ်ကာ ကယ်ဆယ်ရေးစခန်းမှာ နေထိုင်နေရသူတွေလည်း နေအိမ်တွေဆီကို ပြန်သွားကြပြီလို့ ဆိုပါတယ်။

"ရှေ့ရက်တွေကလည်း ပြန်ကြသူတွေရှိတယ်။ မနေ့ကတော့ ရေက စိုးရိမ်ရေမှတ်အောက် ၆၀ စင်တီမီတာလောက် ကျသွားပြီဆိုတော့ ရေမရှိတော့ဘူးလေ။ အဲ့ဒါကြောင့် ကယ်ဆယ်ရေးစခန်းအားလုံးပိတ်လိုက်ပြီ "လို့ လူမှုကူညီရေးအသင်းဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ဩဂုတ် ၁၅ ရက် ဒီနေ့ မနက်မှာတော့ ပဲခူးမြို့ထဲက လမ်းတွေပေါ်မှာ ရေမရှိတော့ဘဲ ပုံမှန်သွားလာနေကြတယ်လို့ ဆိုပါတယ်။

ရေကြီးနစ်မြုပ်ချိန်မှာ ရေဝင်မှုဖြစ်ခဲ့တဲ့ အနိမ့်ပိုင်းရပ်ကွက်နေသူတွေကတော့ နေအိမ်အပျက်အစီးတချို့နဲ့ ရေဝင်လို့တင်ကျန်ခဲ့တဲ့ နုန်းအနယ်တွေကို မိမိအစီအစဥ်နဲ့သာ ရှင်းလင်းနေရပြီး အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေကိုတော့ စစ်ကောင်စီလက်အောက်ဌာနဆိုင်ရာတွေက ရှင်းလင်းရေးလုပ်နေကြတယ်လို့ သိရပါတယ်။

ဩဂုတ် ၈ ရက်ညပိုင်းက စတင်ပြီး ပဲခူးမြစ်ရေမြင့်တက်လာရာကနေ ရေကြီးရေလျှံမှုတွေ စတင်ဖြစ်ပေါ်ကာ နေအိမ်တွေထဲရေဝင်ရောက်ခဲ့တာကြောင့် ပဲခူးမြို့ပေါ် ရပ်ကွက် ၁၃ ခုနဲ့ ကျေးရွာ ၆ ခုမှာ ရေကြီးနစ်မြုပ်တာတွေဖြစ်ခဲ့လို့ ဒေသခံ ၁၅၀၀၀ နီးပါး ရေဘေးသင့်ခဲ့တာပါ။

ပဲခူးမြို့နယ်မှာ ရက်သတ္တပတ်တခုခန့်အကြာ ရေကြီး၊ရေလျှံမှုတွေဖြစ်ပါ်ခဲ့တာကြောင့် လူဦးရေ ၁၅၀၀၀ ခန့် အတွက် ရေဘေးကယ်ဆယ်ရေးစခန်း ၂၉ ခုအထိ ဖွင့်လှစ်ခဲ့ရပြီး လက်ရှိမှာ ကယ်ဆယ်ရေးစခန်းအားလုံးပိတ်သိမ်းလိုက်ပြီလို့ သိရပါတယ်။

ပုံစာ - ပဲခူးရေဘေးသင့်ပြည်သူများ နေအိမ်ပြန်ရန်ပြင်ဆင်နေသည်ကို ဩဂုတ် ၁၅ ရက်ဒီနေ့မနက်ပိုင်းက တွေ့ရစဉ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ရေဘေးသင့် #ဒေသခံ #နေရပ်ပြန် #ကယ်ဆယ်ရေးစခန်း #ပိတ်သိမ်း #သဘာဝဘေး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10