ပဲခူးမြို့နယ်က NLD ပါတီဝင်နဲ့ တက်ကြွလှုပ်ရှားသူ ၅ ဦးရဲ့နေအိမ်တွေ ချိပ်ပိတ်ခံရ

ပဲခူးမြို့နယ်က NLD ပါတီဝင်နဲ့ တက်ကြွလှုပ်ရှားသူ ၅ ဦးရဲ့နေအိမ်တွေ ချိပ်ပိတ်ခံရ

 

ပဲခူးမြို့နယ်အတွင်းက NLD ပါတီဝင်နဲ့ တက်ကြွလှုပ်ရှားသူ ၅ ဦးရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က လာရောက်ချိပ်ပိတ်သွားတယ်လို့ ပဲခူးNLDပါတီနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ဩဂုတ် ၁၉ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားအများအပြားက ဝင်းကရင်၊ အဆိပ်တောင်၊ ထန်းတောကြီး၊ သံစို့ပင်ကျေးရွာတွေကို ရောက်ရှိလာပြီး အဆိုပါကျေးရွာတွေရှိ ပဲခူးမြို့နယ် NLD ပါတီ မြို့နယ်နဲ့ ရပ်ကျေးအဆင့် တာဝန်ရှိသူတွေရဲ့ နေအိမ်တွေကို ချိပ်ပိတ်ခဲ့တာလို့ဆိုပါတယ်။

" စကစအဖွဲ့က လာချိတ်မပိတ်ခင် တပတ်ကျော်လောက်ကတည်းက အိမ်တွေကို ဓာတ်ပုံလာရိုက်တာ။ အိမ်ချိတ်ပိတ်မယ်ဆိုပြီး ကျေးရွာကအဖွဲ့တွေကို လာပြောတာကြောင့် မိသားစုဝင်တွေက ကြိုရှောင်ထားတော့ အိမ်လာပိတ်ချိန်မှာတော့ ဘယ်သူမှမရှိနေဘူး။"လို့ ချိပ်ပိတ်ခံရမှုမှာပါဝင်တဲ့ မိသားစုတခုနဲ့ နီးစပ်သူဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ချိပ်ပိတ်ခံရတဲ့နေအိမ်တွေဟာ ပဲခူးမြို့နယ် NLD ပါတီအလုပ်အမှုဆောင် ဦးကျော်ရှိန်ရဲ့ ဝင်းကရင်ကျေးရွာရှိနေအိမ်၊ အဆိပ်တောင်ကျေးရွာ NLD ပါတီ ဒုဥက္ကဌ ကိုဌေးလွင်နေအိမ်၊ ထန်းတောကြီးကျေးရွာ NLD ပါတီလူငယ်တာဝန်ခံ ကိုဝင်းဇော်ဦး နေအိမ်၊ ဝင်းကရင်ကျေးရွာ NLD ပါတီအလုပ်အမှုဆောင် ကိုကျော်နိုင်နေအိမ်နဲ့ တက်ကြွလှုပ်ရှားသူ ကိုအောင်မျိုးဦးရဲ့ သံစို့ပင်ကျေးရွာကနေအိမ်တွေဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ NLD ပါတီတာဝန်ရှိသူတွေနဲ့တက်ကြွလှုပ်ရှားသူ  ၅ ဦးကိုလည်း စစ်ကောင်စီဘက်က အကြမ်းဖက်ပုဒ်မတွေနဲ့ အမှုဖွင့်ထားပြီး ဘာပုဒ်မတွေဆိုတာတော့ အသေးစိတ်မသိဘူးလို့ အထက်ပါဒေသခံက ပြောပါတယ်။

နေအိမ်တွေချိတ်မပိတ်ခင်ကတည်းက စစ်ကောင်စီအဖွဲ့တွေက လာရောက်မောင်းထုတ်ထားလို့ နေအိမ်တွေမှာ ကျန်ရှိနေတဲ့ မိသားစုဝင်တွေက ဆွေမျိုးတွေရှိတဲ့နေရာတွေကို ကြိုတင်ပြောင်းရွှေ့နေထိုင်ကြရတယ်လို့ သိရပါတယ်။

နေအိမ်ချိပ်ပိတ်ခံရသူ NLD ပါတီဝင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေဟာ စစ်တပ်အာဏာသိမ်းကာစ ၂၀၂၁ ကတည်းက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ တက်ကြွစွာပါဝင်လှုပ်ရှားခဲ့ပြီးနောက် စစ်ကောင်စီကလိုက်လံဖမ်းဆီးချိန် ယင်းကာလတွေကတည်းက နေအိမ်တွေကနေ တိမ်းရှောင်နေကြသူတွေပါ။

၂၀၂၃ ဇွန်လအတွင်း NLD ပါတီ(ဗဟို)ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၁ စစ်အာဏာသိမ်းချိန်မှ ၂၀၂၃ ဇွန်လအထိ NLD လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီဝင်တွေရဲ့နေအိမ် ၆၀၀ ကျော် ချိပ်ပိတ်ခံထားရပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပဲခူး #NLDပါတီ #တက်ကြွလှုပ်ရှားသူ #နေအိမ်ချိပ်ပိတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10