ပဲခူးမြို့နယ်မှာ မွန်ရိုးရာ သင်္ဘောကြီးဆွမ်းတင်ပွဲ ကျင်းပ

ပဲခူးမြို့နယ်မှာ မွန်ရိုးရာ သင်္ဘောကြီးဆွမ်းတင်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်းမှာ တော်သလင်းလပြည့်နေ့ မွန်ရိုးရာ သင်္ဘောကြီးဆွမ်းတင်ပွဲ အစဥ်အလာမပျက် ကျင်းပပြုလုပ်ခဲ့ကြတယ်လို့ မွန်တိုင်းရင်းသားတွေဆီက သိရပါတယ်။

စက်တင်ဘာလ ၂၉ ရက် မနက်အစောပိုင်းမှာ ပဲခူးမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာတွေက မွန်ဘုန်းကြီးကျောင်းဝင်းတွေအတွင်းမှာ ဆွမ်းတော်တင်ပွဲပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

"ဒီနှစ်လည်း အရင်နှစ်တွေလိုဘဲ အစဥ်အလာမပျက် လုပ်ကြပါတယ်။ ဘယ်လိုအခက်အခဲတွေရှိနေကြပါစေ မွန်လူမျိုးတွေက အလှူအတန်းဆို ရက်ရောကြတယ်" လို့ ဒေသခံ မွန်လူမျိုးတဦးက ပြောပါတယ်။

မွန်ရိုးရာ သင်္ဘောကြီးဆွမ်းတင်ပွဲပြုလုပ်ဖို့  တော်သတင်းလပြည့်နေ့မတိုင်ခင် အဖိတ်နေ့ညနေမှာ သက်ဆိုင်ရာဘုန်ကြီးကျောင်းအလိုက်ပြုလုပ်ထားတဲ့ သင်္ဘောပုံစံတူထဲမှာ မွန်လူမျိုးတွေက သစ်သီးမျိုးစုံ၊ မုန့်မျိုးစုံကို လာရောက်တင်ထားလေ့ ရှိပါတယ်။

လပြည့်နေ့ မနက်မှာတော့ သက်ဆိုင်ရာဘုန်ကြီးကျောင်းအလိုက် သံဃာတော်တွေက သင်္ဘောပေါ်တင်ထားတဲ့ မုန့်၊ သစ်သီးတွေကို မြတ်စွာဘုရားရှင်ကို ကပ်လှူပြီး ပရိတ်တရားတော်များရွတ်ဖတ်ကြတယ်လို့ သိရပါတယ်။

အဲဒီနောက်မှာတော့ ဘုန်းကြီးကျောင်းကိုလာကြတဲ့ လူပရိတ်သတ်တွေကို သင်္ဘောကြီးပေါ်တင်ထားတဲ့ မုန့်၊ သစ်သီးတွေထဲက ပြန်စွန့်တာရှိသလို သံဃာတော်တွေအတွက် ပြန်လည်သိမ်းဆည်းထားတာမျိုးတွေကို လုပ်ကြတယ်လို့ ဆိုပါတယ်။

မွန်ရိုးရာ သင်္ဘောကြီးဆွမ်းတင်ပွဲပြုလုပ်ရတဲ့ ရည်ရွယ်ချက်က မွန်ရာဇဝင် ဓမ္မစေတီကျမ်းအရ ​ရာမညတိုင်းကနေ သီလစင်ကြယ်တဲ့ သာသနာပြုရဟန်းတော်တွေ မွေးထုတ်ပေးနိုင်ဖို့ ကောဇာသက္ကရာဇ် ၈၃၈ ခုနှစ်မှာ သီဟိုဠ်(သီရိလင်္ကာ) ကို မွန်သံဃာတော် ၄၄ ပါးအား ဓမ္မစေတီမင်းက ရာမဒူတနဲ့စိ​တြဒူတ သင်္ဘော ၂ စီးနဲ့ စေလွှတ်ခဲ့ရာ ၎င်းသံဃာ ၄၄ ပါးက ကလျာဏီသိမ်မှာ ရဟန်းသစ်ခံယူခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီနောက် သံဃာတော်တွေက သီဟိုဠ်(သီရိလင်္ကာ) နိုင်ငံက အပြန် ရာမဒူတ သင်္ဘောတစီးသာ ပြန်ရောက်လာလို့ ကျန်ရှိတဲ့ သင်္ဘောတစီး ဘေးအန္တရာယ်မဖြစ်ဘဲ ကောင်းမွန်စွာပြန်ရောက်လာဖို့ မင်းနဲ့ပြည်သူတွေက သင်္ဘောပုံစံဖန်တီးပြီး တော်သလင်းလပြည့်နေ့မှာ ဆွမ်း၊ ကွမ်းအပါအဝင် လှူဖွယ်ပစ္စည်းများတင်ပြီး မြတ်စွာဘုရားကို အာရုံပြုဆုတောင်းရာကနေ သင်္ဘောကြီးဆွမ်းတင်ပွဲ ဖြစ်ပေါ်လာရတယ်လို့ သိရပါတယ်။

ပဲခူးမြို့နယ်ထဲမှာ မွန်တိုင်းရင်းသား ၃၀၀၀၀ ကျော်မှီတင်းနေထိုင်ကြပြီး မြို့ပေါ်ရပ်ကွက်တွေမှာ အများဆုံးနေထိုင်ကြတယ်လို့ ဆိုပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #မွန်ရိုးရာ #တိုင်းရင်းသားအရေး #ကိုးကွယ်ယုံကြည်မှု #ပဲခူးတိုင်းဒေသကြီး #သင်္ဘောကြီးဆွမ်းတင်ပွဲ #ဘာသာရေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10